၂ဝ၁၅ ခုနှစ်အတွင်း ဥရောပသို့ ဝင်ရောက်လာသည့် ဒုက္ခသည်ဦးရေ တစ်သန်းကျော် လာပြီဟုဆို


ဂျီနီဗာ ၊ ၂၃-၁၂-၂ဝ၁၅

ညှဉ်းပန်း နှိပ်စက်မှုများ၊ ပဋိပက္ခများနှင့် ဆင်းရဲနွမ်းပါးမှု များကြောင့် ၂ဝ၁၅ ခုနှစ် အတွင်း ဥရောပသို့ ဝင်ရောက်လာသည့် ဒုက္ခသည် အရေအတွက်မှာ တစ်သန်းကျော် အထိ ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် နိုင်ငံတကာရွှေ့ပြောင်း နေထိုင်သူများ ဆိုင်ရာ အဖွဲ့အစည်း (IOM) တို့က ဒီဇင်ဘာ ၂၂ ရက်တွင် ပူးတွဲထုတ်ပြန် ထားသည်။

၂ဝ၁၅ ခုနှစ်အတွင်း ဒီဇင်ဘာ ၂၁ ရက်အထိ ရရှိထားသည့် မှတ်တမ်းများအရ ဒုက္ခသည် ၉၇၂၅ဝဝ ဦးသည် မြေထဲပင်လယ်ကို ဖြတ်၍ သော်လည်းကောင်း၊ ၃၄ဝဝဝ ဦးသည် တူရကီမှ ဘူလ်ဂေးရီးယား နှင့် ဂရိနိုင်ငံတို့ကို ဖြတ်သန်း၍ သော်လည်းကောင်း စုစုပေါင်း ဒုက္ခသည် တစ်သန်းကျော်မှာ ဥရောပဒေသသို့ ရောက်ရှိ လာကြောင်း ယင်း ပူးတွဲ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

စစ်ပွဲများနှင့် ပဋိပက္ခများကြောင့် ထွက်ပြေးလာသည့် ဥရောပ အနောက်ပိုင်းနှင့် အလယ်ပိုင်းတို့ရှိ ဒုက္ခသည် အရေအတွက်မှာ ၁၉၉ဝ ပြည့်နှစ်များက ယူဂိုဆလားဗီးယား စစ်ပွဲကြောင့် ထွက်ပြေး လာသည့် ဒုက္ခသည် အရေ အတွက်ထက် ပိုမိုများပြားကြောင်း UNHCR က ထောက်ပြ ပြောကြား ထားသည်။

အဆိုပါဒုက္ခသည် တစ်သန်းကျော် အနက် ငါးသိန်းခန့်မှာ ဆီးရီးယားနိုင်ငံ အတွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ထွက်ပြေး လာသူများဖြစ်ပြီး ၂ဝ ရာခိုင်နှုန်းမှာ အာဖဂန်နစ္စတန် နိုင်ငံမှ ဖြစ်ကြောင်းနှင့် ၇ ရာခိုင်နှုန်း မှာ အီရတ်နိုင်ငံမှ ဖြစ်ကြောင်း UNHCR က ဆက်လက် ဖော်ပြထားသည်။

မြောက်အာဖရိကမှ ထွက်ပြေးကာ အီတလီနိုင်ငံသို့ ဝင်ရောက်လာသည့် ဒုက္ခသည် အရေအတွက်မှာ ၂ဝ၁၄ ခုနှစ်တွင် ၁၇ဝဝဝဝ ခန့်ရှိခဲ့ရာမှ ၂ဝ၁၅ ခုနှစ်တွင် ၁၅ဝဝဝဝ ခန့်အထိ လျော့ကျ လာကြောင်း၊ မြေထဲပင်လယ်မှ ဖြတ်သန်းကာ ဥရောပသို့ ဝင်ရောက်သည့် ဒုက္ခသည် အရေအတွက်မှာ ဇန်နဝါရီလတွင် ၅၅ဝဝ ခန့်သာ ရှိခဲ့ရာမှ အောက်တိုဘာ လတွင် ၂၂၁ဝဝဝ ကျော်အထိ ရောက်ရှိလာပြီး တစ်ချိန်တည်း မှာပင် သေဆုံးသူနှင့် ပျောက်ဆုံးသူ စုစုပေါင်းမှာ ၃၆ဝဝ ကျော်ရှိကြောင်း သိရသည်။



(Pyi Chit Thar)

http://www.pyichitthar.com/
၂ဝ၁၅ ခုနှစ်အတွင်း ဥရောပသို့ ဝင်ရောက်လာသည့် ဒုက္ခသည်ဦးရေ တစ်သန်းကျော် လာပြီဟုဆို ၂ဝ၁၅ ခုနှစ်အတွင်း ဥရောပသို့ ဝင်ရောက်လာသည့် ဒုက္ခသည်ဦးရေ တစ်သန်းကျော် လာပြီဟုဆို Reviewed by Staff Writer on 15:29 Rating: 5
Powered by Blogger.