တက္ကဆက်ပြည်နယ်တွင် လေဆင်နှာမောင်းများ တိုက်ခတ်ပြီး ရေလွှမ်းမိုးမှုကြောင့် ရှစ်ဦးသေဆုံး




အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် ဒါးလက်စ်မြို့တွင် ဒီဇင်ဘာ ၂၆ ရက်က လေဆင်နှာမောင်းများ တိုက်ခတ်မှု နှင့် ရေလွှမ်းမိုးမှု တို့ကြောင့် ရှစ်ဦး သေဆုံးပြီး ယခု ရက်သတ္တပတ် အတွင်း နိုင်ငံတောင်ပိုင်း၌ ရာသီဥတု ဆိုးဝါးမှုကြောင့် သေဆုံးသူ ၂၆ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း တာဝန်ရှိသူများ နှင့် ဒေသတွင်း သတင်းဌာနများ က ပြောကြား ထားသည်။

ဒါးလက်စ် မြို့လယ်မှ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့် အကွာရှိ ဂါးလန်းမြို့ကို လေဆင်နှာမောင်း တစ်ခု ဝင်ရောက် တိုက်ခတ်ခဲ့ရာ ငါးဦး သေဆုံးကြောင်း မြို့နယ် တာဝန်ရှိသူ များက အတည်ပြု ပြောကြား ထားသည်။ ယင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်များ၊ တိုက်ခန်းများနှင့် ယာဉ်များ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ သော်လည်း ဒဏ်ရာ ရရှိသူ အရေအတွက်ကို တိကျစွာ မသိရှိရ သေးကြောင်း ရဲတပ်ဖွဲ့က ပြောကြား ထားသည်။

ထို့ပြင် ထပ်မံသေဆုံးသူ နှစ်ဦးကို အဆိုပါ မြို့၏ ကုပ်ဗေးလ် အရပ်ရှိ ဓာတ်ဆီဆိုင် တစ်ခု၌ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကျန်တစ်ဦးကို ဘလူးရစ်ခ်ျ အရပ်၌ တွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း ကော လင်း စီရင်စု အုပ်ချုပ်ရေးမှူးရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ခရစ်ဟာဗေး က ပြောကြား ထားသည်။

လေဆင်နှာမောင်း ရှစ်ခုသည် ဒါးလက်စ်မြို့ရှိ စီရင်စု ခုနစ်ခုတွင် ဝင်ရောက် တိုက်ခတ် ခဲ့ခြင်းဖြစ်ကြောင်း နှင့် ရေလွှမ်းမိုးမှု ဖြစ်ပွားလျက် ရှိကြောင်း အမျိုးသား မိုးလေဝသဌာနမှ မိုးလေဝသ ပညာရှင် စတိဗ်ဖာနို က ပြောကြား သည်။ အမေရိကန်နိုင်ငံ တောင်ပိုင်း၌ ဒီဇင်ဘာ ၂၂ ရက်မှစ၍ လေဆင်နှာမောင်း များ တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး အစောပိုင်း တွင်သေဆုံးသူ ၁၈ ဦးအထိ ရှိကြောင်း သိရသည်။

( Pyi Chit Thar )

http://www.pyichitthar.com/
တက္ကဆက်ပြည်နယ်တွင် လေဆင်နှာမောင်းများ တိုက်ခတ်ပြီး ရေလွှမ်းမိုးမှုကြောင့် ရှစ်ဦးသေဆုံး တက္ကဆက်ပြည်နယ်တွင် လေဆင်နှာမောင်းများ တိုက်ခတ်ပြီး ရေလွှမ်းမိုးမှုကြောင့် ရှစ်ဦးသေဆုံး Reviewed by Staff Writer on 15:44 Rating: 5
Powered by Blogger.