မြန်မာနှစ်ဦးအား သေဒဏ်ချမှတ်မှုမှာ ထိုင်းက မြန်မာအစိုးရအပေါ် စိန်ခေါ်သကဲ့သို့ ဖြစ်ဟု ကော့တောင်အရေးဆောင်ရွက်သူ ဦးထူးချစ်ဆို


ကမ္ဘာတစ်ဝန်းက စိတ်ဝင်စားနေသည့် ထိုင်း၊ မြန်မာနှင့် ဗြိတိန်သုံးနိုင်ငံနှင့် သက်ဆိုင်သည့် ကမ္ဘာကျော်ကော့တောင် (လိပ်ကျွန်း) လူသတ်မှု နှင့်ပတ်သက်၍ စွပ်စွဲခံရသူ မြန်မာနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့ခြင်းသည် ထိုင်းအစိုးရအနေဖြင့် မြန်မာအစိုးရကို စိန်ခေါ်လိုက်သကဲ့သို့ ခံစားရကြောင်း စွပ်စွဲခံရသူ မြန်မာအမျိုးသားနှစ်ဦးဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်သည့် ဦးထူးချစ်က ဒီဇင်ဘာ ၂၄ ရက်တွင် The Ladies သို့ပြောသည်။

“ထိုင်းအစိုးရအနေနဲ့တော့ ဒါမြန်မာအစိုးရကို စိန်ခေါ်လိုက်သလို ခံစားရတယ် ။ တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာ သန်းပေါင်းများစွာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အင်မတန်မှ စိုးရိမ်စရာကောင်းတယ်၊ အမိန့်ချတဲ့ အချိန်မှာ အမှု ခုနစ်မှုနဲ့စွဲထားတဲ့ အချိန်မှာ ကလေးတွေကို အမြင့်ဆုံးအမှု အနေနဲ့ သေဒဏ်ချလိုက်ပါတယ်” ဟု ဦးထူးချစ်ကပြောသည်။

လိပ်ကျွန်းလူသတ်မှု နှင့် ပတ်သက်၍ ဖမ်းဆီးခံ မြန်မာအလုပ်သမားနှစ်ဦးကို လူသတ်မှု ကျူးလွန်သည်ဟုဆိုကာ ထိုင်းတရားသူကြီးက သေဒဏ်ပြစ်ဒဏ် အပါအ၀င် ပြစ်မှု ခုနစ်မှုလုံးကို သီးခြားပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုကို အောက်တိုဘာ ၁၁ ရက်က အပြီးသတ် စစ်ဆေးပြီးစီးခဲ့ပြီး ဒီဇင်ဘာ၂၄ ရက်တွင် အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။ ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်းခေါ် ( လိပ်ကျွန်း ) တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှာ ၂၀၁၄ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံသား နှစ်ဦးဖြစ်သည့် ဟန်နာဝစ်ထာရစ်ခ်ျ ၂၃ နှစ်နှင့် ဒေးဗစ်မီလ်လာ ၂၄ နှစ် တို့နှစ်ဦးသည် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က အသက် ၂၂ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား နှစ်ဦးကို တရားခံအဖြစ် စွပ်စွဲကာ ဖမ်းဆီး၍ ပြစ်မှုခုနစ်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုကို စစ်ဆေးရာတွင် နှစ်ဖက်သက်သေ ၃၄ ဦး က ရုံးချိန်းစုစုပေါင်း ၂၁ ကြိမ်တိုင် ထွက်ဆိုချက်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၁ ရက် တွင် ရုံးချိန်းများ အပြီးသတ်ခဲ့ကာ စွပ်စွဲခံရသူ နှစ်ဦးဘက်မှ ထိုင်းရှေ့နေအဖွဲ့သည် တရားသူကြီး စီရင်ချက်ချရာတွင် ထည့်သွင်းစဉ်းစားနိုင်မည့် သက်သေခံစာရွက် ထောင်ပေါင်းများစွာကို တရားရုံးတွင် သွင်းခဲ့ကြသည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် (ယနေ့) တွင် လိပ်ကျွန်းလူသတ်မှုအား အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အမိန့်ချမှတ်ခဲ့သည့်အပေါ် ဦးထူးချစ်က “အယူခံဆက်တက်ပါမယ် ။ အယူခံက နှစ်ဆင့်တက်ရပါမယ် ။ ပထမတစ်ဆင့်ကတော့ ခရိုင်အဆင့်မှာ အယူခံတစ်ခု တက်မယ် ။ လိုအပ်လို့ရှိရင်တော့ ဗဟိုအစိုးရကို အယူခံတက်ပါမယ် ။ အယူခံနှစ်ခုတက်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောဆိုသည်။

လိပ်ကျွန်းလူသတ်မှုကို စစ်ဆေးရာတွင် ထိုင်နိုင်ငံ မှ DNA ပညာရှင်များက DNA မတူညီကြောင်း ထုတ်ပြန်ခဲ့သည်။ “ထိုင်းကရှိတဲ့ DNA ပညာရှင်တွေကအစ ပြောထားတဲ့ ကိစ္စဖြစ်တယ် ။ နောက်တစ်ခု သူကလည်း သက်သေအတိအကျ မပေးနိုင်ဘဲ အခုလိုမျိုး အမိန့်ချတယ်ဆိုတော့ မတရားသဖြင့် ကိုယ်တွေ နိုင်ငံသားတွေကို အမိန့်ချတယ်လို့ ခံစားရတယ်” ဟု ဦးထူးချစ်ကပြောသည်။

ထိုင်းနိုင်ငံတွင်ရှိသည့် မြန်မာလုပ်သားနှစ်ဦး၏ အမှုသာ မဟုတ်ဘဲ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အကာအကွယ်ပေးရန်မှာ လက်ရှိ မြန်မာအစိုးရအနေဖြင့် သာမက နောင်တက်လာမည့် အစိုးရ၊ အဓိကအားဖြင့် မြန်မာ့တပ်မတော်အနေဖြင့် တတ်နိုင်သည့်ဘက်က စနစ်တကျ ပူးပေါင်းဆောင်ရွက်ပြီး အကာအကွယ်ပေးရန် အချိန်ရောက်ပြီဟု ပြောကြားချင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးသူဖြစ်သည့် ဦးထူးချစ်က ဆက်လက် ပြောကြားခဲ့သည်။


(The Ladies News)

https://www.facebook.com/News.TheLadies/

မြန်မာနှစ်ဦးအား သေဒဏ်ချမှတ်မှုမှာ ထိုင်းက မြန်မာအစိုးရအပေါ် စိန်ခေါ်သကဲ့သို့ ဖြစ်ဟု ကော့တောင်အရေးဆောင်ရွက်သူ ဦးထူးချစ်ဆို မြန်မာနှစ်ဦးအား သေဒဏ်ချမှတ်မှုမှာ ထိုင်းက မြန်မာအစိုးရအပေါ် စိန်ခေါ်သကဲ့သို့ ဖြစ်ဟု ကော့တောင်အရေးဆောင်ရွက်သူ ဦးထူးချစ်ဆို Reviewed by Staff Writer on 14:08 Rating: 5
Powered by Blogger.