အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်က NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပြီး နေ့လည်ပိုင်းမှာ ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး ၊ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်က ကိုယ်စားလှယ်တွေနဲ့ ထပ်မံတွေ့ဆုံသွားမှာဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးက NLD ပါတီရဲ့ "ပြောင်းလဲဖို့အချိန်တန်ပြီ " ဆိုတဲ့ ကြွေးကြော်သံကို ပြည်သူတွေက ရင်ထဲအသဲထဲက ယုံကြည်ပြီး ထောက်ခံအားပေးခဲ့တာဖြစ်တဲ့အတွက် ရွေးချယ်ခံ ကိုယ်စားလှယ်တွေအနေနဲ့ မာန်မာနကိုနှိမ့်ချပြီး ကြိုးစားဖို့လိုတယ်လို့ ပြောပါတယ်။
"ပြည်သူလူထုတွေက ဘယ်လောက်အပြောင်းအလဲကို လိုချင်နေကြပြီလဲဆိုတာ အလေးအနက် ပြသတာဖြစ်ပါတယ်၊ ဒီတော့ ပြည်သူတွေဆီက ဘာသံထွက်လာမလဲဆိုတော့ ကျုပ်တို့ကတော့ ခင်ဗျားတို့အားလုံး အနိုင်ရအောင်လို့ ကြွေးကြော်သံအတိုင်းမဲပေးလိုက်ပြီ၊ ဘာတွေပြောင်းလဲ ပေးမှာလည်းဆိုတဲ့ အမေးဟာ လာပါလိမ့်မယ်၊ ဒီတော့ ခင်ဗျားတို့ ကျွန်တော်တို့ဟာ အများကြီး ကြိုးစားရမှာဖြစ်ပါတယ်"
ဒါ့အပြင် ဦးတင်ဦးက ပြည်တွင်းမှာသာမက နိုင်ငံတကာကပါ လေးစားတန်ဖိုးထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးစားအားထုတ်မူနဲ့ နိုင်ငံရေးဂုဏ်သိက္ခာကိုအကြောင်းပြုပြီး အားလုံးရဲ့ဝိုင်းဝန်းကြိုးပမ်းမူနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်တာလို့ ပြောပါတယ်၊ဒါ့ကြောင့် အောင်မြင်မူကို မာန်မာနမတက်ပဲ ဆင်ခြင်တုံတရားရှိဖို့လိုအပ်သလို ရှုံးနိမ့်သူတွေကိုလည်း လေးစားသမူပြုဖို့လိုတယ်လို့ ပြောပါတယ်။
တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတည်ဆောက်ရေးကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းလာမှာဖြစ်တဲ့အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းစွာ အတူတကွ လက်တွဲသွားဖို့ဆိုတဲ့ ကိစ္စဟာ အရေးပါလာမှာဖြစ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။
အလားတူ လက်ရှိအချိန်ကအစပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခိုင်မာစွာရပ်တည်နိုင်ရေးအတွက် လျော့ရဲနေတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အသေအချာ ကြပ်မတ်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
RFA Burmese
https://www.facebook.com/RFA-Burmese
ဒေါ်အောင်ဆန်းစုကြည် NLD ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ
Reviewed by THITHTOOLWIN
on
14:02
Rating: