KIA တပ်ရင်း(၆) တပ်ဖွဲ့များ၊ ဖာကန့်ကျောက်စိမ်းမှော် |
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော် ဂွေခါလမ်းဘက် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ယနေ့ နံနက်ပိုင်းမှာ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
Ja Ra Yang ကျေးရွာအနီး KIA တပ်ရင်း(၆) ရှေ့တန်းစခန်းရှိရာသို့ အစိုးရတပ်များ ၀င်ရောက်လာခြင်းကြောင့် နံနက် ၆နာရီခန့်မှ တိုက်ပွဲစတင်ဖြစ်ပွားကာ (၁၀)မိနစ်ကျော် ကြာကြောင်း KIA ဗဟိုဌာနချုပ် လိုင်ဇာမှ ဒု-ဗိုလ်မှူးကြီး နော်ဘူ ကချင်သတင်းဌာန KNG ကို အတည်ပြုပြောသည်။
အစိုးရတပ် ခမရ ၄၂၁ နှင့်တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု ဒေသခံများဆိုပါသည်။
တပ် အပြောင်းအလဲ ခေါင်းစဉ်ဖြင့် Ja Ra Yang ဘက်ကို အစိုးရတပ် အင်အား ဖြည့်တင်းလာပြီးနောက် KIAနှင့် တိုက်ပွဲဖြစ်လာကြောင်း၊ အစိုးရတပ်များ ဆက်လက်၍တိုက်ခိုက်လာလျှင် တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ဒု-ဗိုလ်မှူးကြီး နော်ဘူ ပြောသည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိမရှိ မသိရသေးပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ(၄) တပ်ရင်း(၂)၊ တပ်ရင်း(၈)နှင့် တပ်ရင်း(၃၆) နယ်မြေများတွင်လည်း အစိုးရတပ်များနှင့် ယမန်နေ့ထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူ ဆက်လက် အတည်ပြုပြောပါသည်။
ယခုလုပ်ရပ်သည် အစိုးရတပ်၏ KIA ကို ရန်ရှာတိုက်ခိုက်ခြင်း သက်သက်ဖြစ်ပြီး KIA မှ ကောင်းကောင်း တုံ့ပြန် တိုက်ခိုက်လာလျှင် အစိုးရတပ် အပြင်းအထန်တိုက်ခိုက်ရန် အတင့်အနေအထားဖြစ်နေကြောင်း ဒု-ဗိုလ်မှူးကြီး နော်ဘူ သုံးသပ်ပြောသည်။
စစ်တပ်ကျောထောက်နောက်ခံ အာဏာရ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အာဏာမလွှဲပြောင်းမီ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ် မရေးထိုးသေးသော KIA နှင့် ရှမ်းပြည်နယ်ရှိ အခြား တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကို လေကြောင်းအကူညီဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေပါသည်။
ယခုချိန်ထိ KIA က အစိုးရတပ်ကို စတင်တိုက်ခိုက်ခြင်း မပြုပဲ အတတ်နိုင်ဆုံး တိုက်ပွဲ မဖြစ်အောင် ရှောင်ပေးနေရကြောင်း သိရသည်။
Kachin News Group
http://burmese.kachinnews.com
ဖားကန့်တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်
Reviewed by THITHTOOLWIN
on
20:59
Rating: