''တနေကုန် ဖင်ပူအောင်မောင်းတာတောင် အုံနာခမပြည့်ချင်ဘူး။ အရင်ကလို မောင်းလို့မကောင်းတော့ပါဘူး ဗျာ။ ကားပဲမောင်း စားတတ်လို့ ကားပဲမောင်းနေရတာ။ စိတ်တောင်ကုန်လာပြီ''ဟု အငှားယာဉ်မောင်း ကိုထက် အောင်က ညည်းညူသည်။
မြို့ပြ၏ ယာဉ်ကြောပိတ်ဆို့မှုကို တက္ကစီယာဉ်မောင်း၊ ဘတ်စ်ကား ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအတွက် နေ့စဉ်ကြုံတွေ့နေရသည့် ပုံမှန်ပြဿနာတရပ်သာဖြစ်နေသည်။ သို့သော် အငှားယာဉ်မောင်းများအတွက် နေ့စဉ် အုံနာခ၊ ဆီဖိုးအပြင် လုပ်အားခအတွက်ကိုပင် ယာဉ်ကြောပိတ်ဆို့မှုကြားမှ ရှာဖွေနေရသည်။
အငှားယာဉ်(တက္ကစီ)ယာဉ်မောင်းအများစုသည် နေ့ဘက် ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ကွင်းနိုင်ရန်အတွက် ညအချိန်မှစတင်ကာ နံနက် အရုဏ်တက်ချိန်အထိ မောင်းနှင်ကြလေသည်။ သို့သော် ညဘက်မောင်းနှင်ရာ၌ အများစုသည် ခရီးသည်အမျိုးမျိုးနှင့် အန္တရာယ်မျိုးစုံကြား၌ ရုန်းကန်နေကြရသည်။
''ခေတ်က တက္ကစီခေတ်မဟုတ်တော့ဘူး။ မောင်းလို့ မကောင်းဘူး။ ညဘက်မောင်းတော့လည်း ယာဉ်မောင်းက ခရီးသည်ကိုမယုံရဲ၊ ခရီးသည်ကလည်း ယာဉ်မောင်းကို မယုံရဲဖြစ်နေရတယ်။ ဘယ်နေရာမှာတော့ တက္ကစီ ဒရိုင်ဘာကိုရိုက်ပြီး ဘာလုသွားပါပြီဆိုပြီး အမျိုးမျိုးကြားနေရတယ်''ဟု တက္ကစီယာဉ်ညဘက်မောင်းနှင်သူ ကိုအောင်က ပြောသည်။
ညဘက်မောင်းနှင်သူအများစုသည် ခရီးသည်ရရှိသော်လည်း မပျော်နိုင်သေးပေ။ ငှားရမ်းသည့်ဦးရေ၊ သွားမည့် ခရီးအကွာအဝေးအခြေအနေ၊ ဈေးနှုန်းအနေအထား စသည့်အခြေအနေများကို သုံးသပ်လေ့လာကြရကြောင်း ဆိုသည်။
ခရီးသည်များနေလျှင်လည်း မလိုက်ရဲကြ။ သွားရမည့်ခရီးသည် မြို့စွန်လိုနေရာမျိုးကဲ့သို့ ငှားရမ်း လျှင်လည်း အဆင်မပြေပြန်။ ဈေးနှုန်းအရ သာမန်ထက် ပိုမိုပေးခြင်း၊ ဈေးစကားညှိနှိုင်းချိန် အဆင်မပြေခြင်း သည်ကလည်း ညဘက်မောင်းနှင်ရသူများအတွက် စိန်ခေါ်မှုကြီးပမာ ဖြစ်လို့နေသည်။''အသိကားသမားတယောက် လှိုင်သာယာဘက်လိုက်သွားတာ။ ဓားထောက်ပြီး အလုခံလိုက်ရတယ်။ ဘာမှ မတတ်နိုင်ဘူးလေ။ ငွေက အသက်ရှင်သရွေ့ရှာလို့ရတယ်။ သူတို့ကအော်ရင် သတ်မယ်ဆိုပြီးပြောတယ်။ နောက်ကနေနှစ်ယောက် ရှေ့ကတယောက် အနုကြမ်းစီးသလို ဓားထောက်လုတာ။ တချို့ဆို နောက်ကနေ ဂစ်တာကြိုးနဲ့ ယာဉ်မောင်းရဲ့လည်ပင်းကို ညစ်ထားတာ။ လှုပ်လေ ကြိုးကအသားထဲနစ်လေ''ဟု တက္ကစီယာဉ် မောင်းတဦးက ပြောသည်။
ဒုစရိုက်မှုများ များပြားလာလျက်ရှိသည့် မြို့ပြတွင် ဒုစရိုက်သားကောင်များ၏ပစ်မှတ်တွင် အငှားယာဉ်မောင်း သမားများ ပါဝင်လာသည်။ တက္ကစီယာဉ်မောင်းတဦးကို လုယက်ခြင်းသည် ဘ၀အခြေအနေပြောင်းလဲ နိုင်လောက်သည့် ငွေကြေးဥစ္စာများရရှိမည်မဟုတ်သော်လည်း ယာဉ်မောင်းအများစု၌ ငွေကျပ်နှစ်သောင်း၊ သုံးသောင်းဝန်းကျင်ခန့် ရှိတတ်ခြင်းကြောင့် အလွယ်တကူငွေရလွယ်သည့် ပစ်မှတ်ဖြစ်လာကြရသည်။ ထိုကဲ့သို့ ပြစ်မှုကျူးလွန်သူများထဲ၌ ခိုး၊ ဆိုး၊ နှိုက်များ ပါဝင်လာသည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲသူများလည်း ပါဝင်လေ့ ရှိကြောင်း သိရသည်။
သဘာဝဓာတ်ငွေ့သုံးယာဉ်ဖြစ်ပါက ညပိုင်းအုံနာကြေးအဖြစ် ကျပ်တသောင်းဝန်းကျင်ခန့်လည်းကောင်း၊ ဒီဇယ်၊ ဓာတ်ဆီ(အောက်တိန်း)သုံး တက္ကစီယာဉ်ဖြစ်ပါက ညပိုင်းအုံနာကြေးငွေသည် ကျပ်ရှစ်ထောင်ဝန်းကျင်ခန့် အထိရှိကြောင်း သိရသည်။ ထိုကဲ့သို့ အုံနာခငွေကြေးကိုပေးရန်အတွက် ဦးစွာရှာဖွေရပြီး ထိုပမာဏငွေကျော် လွန်ပါက ဆီဖိုးငွေနုတ်ပြီး ကျန်ငွေသည် တနေ့တာ လုပ်အားခဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယာဉ် မောင်းအချို့ တစီးနှင့်တစီး လုယက်မောင်းနှင်ခြင်း၊ ခရီးသည်ရှာဖွေရခြင်းကြောင့်လည်း မလိုလားအပ်သော အန္တရာယ်များကျရောက်နိုင်သည်ဟု ဆိုကြသည်။''လူမကြည့်တော့ဘဲ ရတဲ့ဈေးနဲ့သွားမယ့်နေရာလိုက်ပို့တော့ မလိုလားအပ်တဲ့အန္တရာယ်တွေ ဖြစ်ကုန်တယ်။ တစီးနဲ့တစီး အလုအယက်ကိုမောင်းနေကြတာ။ ရှေ့စီးက ခရီးသည်နဲ့ စကားပြောတုန်းရှိသေးတယ်။ နောက်မှာ နှစ်စီးလောက် တန်းစီနေကြပြီ။ ရတဲ့ဈေးနဲ့ ခရီးသည်ငှားတဲ့နေရာပါသွားတော့ လုယက်ခံရတာတွေဖြစ်တယ်''ဟု ယာဉ်မောင်းတဦးက ပြောသည်။
နောက်ပိုင်းကာလများ၌ လုယက်မှုကျူးလွန်သူများထဲတွင် အမျိုးသမီးအချို့ ပါဝင်လာသည်။ စတင်ငှားယူစဉ် အမျိုးသမီးတဦးတည်းဖြစ်ခြင်းကြောင့် ခရီးဝေးသော်လည်းလိုက်ခဲ့မိပြီး ခရီးအဆုံးတွင် ထိုအမျိုးသမီးနှင့်ကြံရာ ပါ အုပ်စုအဖွဲ့များမှ လုယက်တတ်ကြသည့်ဖြစ်စဉ်များလည်း ပေါ်ပေါက်ဖူးကြောင်း သိရသည်။
ထို့အပြင် စတင်ငှားယူစဉ်ကာလအမျိုးသမီးတဦးတည်းဖြစ်သော်လည်း လမ်းကြုံတနေရာတွင် ၎င်း၏အပေါင်း အပါများက ကြိုတင်စောင့်ဆိုင်းကာ လမ်းသင့်၍ ငှားရမ်းသကဲ့သို့ပြုလုပ်ပြီး လူပြတ်သည့်နေရာတွင် လုယက် လေ့ရှိကြကြောင်း သိရသည်။
''ကျွန်တော်ကတော့ အိမ်ကထွက်ပြီဆိုကတည်းက မေတ္တာပို့ အမျှဝေပြီး စေတနာထားပြီးသာ ကားမောင်းထွက် တယ်။ ခရီးသည်တွေက ကိုယ့်ရဲ့ကျေးဇူးရှင်တွေလေ။ သူတို့အဆင်ပြေအောင်၊ စိတ်ချမ်းသာအောင် ပို့ပေး တယ်။ အဲဒါကြောင့် အခုထိတော့ ဘာမှမကြုံသေးဘူး။ တခြားကားသမားတွေ လုယက်ခံရ၊ ဓားထိုးခံရတာ ခဏ ခဏကြားတယ်။ နောက်ဆုံး အဲဒီလို လူနဲ့ကြုံခဲ့ရင်တောင် ဘာလိုချင်လဲပေးလိုက်မယ်ဗျာ။ ကိုယ့်အသက်ထက် ဘာမှတန်ဖိုးမရှိဘူး။ ကျွန်တော့်ဆီက ပိုက်ဆံယူသွားပြီး သူပြန်ဖို့အတွက် အခက်အခဲဖြစ်ရင်တောင် သူခရီး သင့်မယ့်၊ သွားချင်တဲ့နေရာအထိ လိုက်ပို့ပေးမယ်လို့တောင် စဉ်းစားထားပြီးသားပါ။ ညပိုင်းကားမောင်းနေ တော့ တနေ့မဟုတ်တနေ့တော့ ဒါတွေက ကြုံတွေ့နိုင်တယ်လေ''ဟု ယာဉ်မောင်းသက် ၂၀ ခန့်ရှိပြီဖြစ်သော ယာဉ်မောင်းဦးလှအေးက ပြောသည်။
ယာဉ်မောင်းအချို့ကမူ ထိုကဲ့သို့ဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယာဉ်ပေါ်တွင် သံပိုက်လုံး၊ ၀ါးဆစ်ပိုင်း စသည့်လက်နက်များ ဆောင်ထားလေ့ရှိသော်လည်း ရန်ကုန်မြို့၏လုံခြုံ ရေးစစ်ဆေးမှု များရှိလာသော ယနေ့အချိန်၌ ဆောင်ယူခွင့်မရှိတော့ပေ။ ညပိုင်းမောင်းနှင်သူအချို့ကမူ မြို့ထဲဝန်းကျင်နှင့် ၎င်း၏ပုံမှန်အော်ဒါများနှင့်ချိတ်ဆက်ကာ မောငှ်းနင်ကြသူများလည်းရှိသည်။ စားသောက်ဆိုင်ကြီးများ၊ ဟိုတယ် မိုတယ်များ၊ နံနက်ပိုင်းဈေးကြိုသွား၊ ဈေးကြိုပြန်သူများ၊ နိုက်ကလပ်များ၊ KTV များအပြင် အနှိပ်ခန်းများ စသည့် နေရာများနှင့်လည်း ချိတ်ဆက်မောင်းနှင်လေ့ရှိကြောင်း သိရသည်။
ထိုနေရာများနှင့်ချိတ်ဆက်ဆောင်ရွက်ခြင်းသည် ညပိုင်းတက္ကစီမောင်းနှင်သူတဦးအတွက် ပုံမှန်ဖောက်သည်ရ သကဲ့သို့ ခရီးသည်တင်ပေးလိုက်သည့် အထက်ပါဆိုင်များမှလည်း ခရီးသည်အတွက် တာဝန်ယူမှုပြုပေးနိုင် ကြောင်း ဆိုကြသည်။ ရက်ကြီးခါကြီး၊ နေ့ထူးနေ့မြတ်ပွဲတော် ရက်များတွင်တော့ အငှားယာဉ်မောင်းနှင်သူများ အတွက် ရှာဖွေရလွယ်ကူတတ်သည်။
ယာဉ်တင်သွင်းမှု ထိန်းချုပ်ကန့်သတ်ခံခဲ့ရသည့် ပြည်တွင်း၏မော်တော်ယာဉ်မူဝါဒများနှင့်အတူ တခေတ်တခါက ယာဉ်မောင်းခြင်းအလုပ်သည် သူဌေးဖြစ်နိုင်လောက်သည့် အလုပ်အကိုင်အမျိုးအစားတခုတွင် ပါဝင်ပေသည်။ ထိုကဲ့သို့ ယာဉ်မောင်းနှင်သူများကို အတုယူအားကျခြင်းကြောင့်ပင် ကလေးငယ်အချို့၏ စိတ်ကူးအိပ်မက်တွင် ထည့်သွင်းစဉ်းစား ခဲ့ရသည့်အလုပ်မျိုးဖြစ်ခဲ့ရသည်ဟု သိခဲ့ရသည်။
''ကျွန်တော်တို့ခေတ်တုန်းကတော့ အကောင်းဆုံးကားဆိုတာ BM ကားတွေပဲရှိတယ်။ ဟိုင်းလတ်ဆိုရင်တောင် တော်တော်ကြီးကို အလုပ်လုပ်လို့ရနေပြီ။ အဲဒီအချိန် အဖေတွေ၊ အစ်ကိုတွေက ဟိုင်းလတ်မောင်းကြတယ်။ အော်ဒါရလို့ နယ်သွားရပြီဆိုရင် ကျွန်တော်က ခေါင်းခန်းကနေ လိုက်သွားရတယ်။ ကားဆရာဆို လိုလေသေး မရှိအောင်ကို ဂရုစိုက်ကြတယ်။ အဲဒါတွေကိုကြည့်ပြီး ကလေးဆိုတော့လည်း စိတ်ကူးယဉ်ခဲ့တာပေါ့။ ငါလည်း တနေ့ ကားဆရာဖြစ်ရမယ်ဆိုပြီး ကျွန်တော် ကားစမောင်းတာ ၁၆၊ ၁၇ ကတည်းက စမောင်းလာတာ။ အခုလည်းကျရော တော်တော်စိတ်ကုန်နေပြီ ကိုယ်ကိုယ်တိုင်က ဒီအလုပ်ကိုရွေးခဲ့ပြီး ဒါပဲမောင်းတတ်လို့ စိတ် ရှည်ရှည်ထားပြီး လုပ်ကိုင်စားသောက်နေရတာ။ မောင်းလို့မကောင်းတော့ဘူး''ဟု ပန်းဆိုးတန်း ယုဇနတက္ကစီ ဂိတ်မှ အငှားယာဉ်မောင်းတဦးက ပြောသည်။
ယာဉ်မောင်းအများစု၏အဆိုအရ ယနေ့မျက်မှောက်ခေတ်ကာလတွင် မော်တော်ယာဉ်မောင်းနှင်ခြင်းအလုပ် ထက် အနှေးယာဉ်လုပ်သားများ၏အလုပ်က ပိုမိုအလုပ်ဖြစ်လျက်ရှိကြောင်း ဆိုစမှတ်ပြုကြလေသည်။ အနှေး ယာဉ်(ဆိုက်ကား)အငှားဖြစ်ပါက နေ့စဉ်အုံနာခကျပ်တထောင် ၀န်းကျင်ခန့်ဖြင့် ယာဉ်မောင်းအလုပ်ထက် အန္တရာယ်မများသော်လည်း ၀င်ငွေကမူ ပိုမိုရရှိစေကြောင်းဆိုသည်။
အနှေးယာဉ်လုပ်သားတဦးတွက် ကာယလုပ်အားဖြင့် ၎င်း၏တနေ့ဝင်ငွေသည် ကျပ်တသောင်းကျော်ခန့်အထိ ရှာဖွေနိုင်ကြောင်း သိရသည်။ သို့သော် ယာဉ်မောင်းအများစုကမူ အလုပ်ပြောင်းရွှေ့လုပ်ကိုင်လိုမှု နည်းပါးကြ သော်လည်း အနှေးယာဉ်လုပ်သားများအတွက်မူ စပေါ်ငွေလေးတင် ကာ အငှားယာဉ်မောင်းဖို့အတွက် တာစူ လျက်ရှိနေကြသည်။
မည်သို့ပင်ဆိုစေကာမူ ယာဉ်မောင်းနှင်ခြင်းအလုပ်ကို လူငယ်အများစုစိတ်ဝင်စားလာကြသည်။ ညဘက်တွင် ယာဉ်အကူအနေဖြင့် ယာဉ်မောင်းသင်ကြသည်။ မောင်းနှင်တတ်ပြီဆိုပါက လိုင်စင်ကန့်သတ်မှုများရှိနေခြင်း ကြောင့် ညပိုင်းများတွင် မောင်းနှင်လေ့ရှိသည်။ လူငယ်အချို့ကမူ စပေါ်ငွေ အချို့တင်ကာ နံနက်ပိုင်းတွင်ပင် မောင်းနှင်ကြသူများလည်းရှိသည်။
ယာဉ်ထိန်းရဲနှင့်ကြုံလျှင် လက်သိပ်ထိုးဖြေရှင်းမှုအချို့ပြုလုပ်ရလေသည်။ ထိုကဲ့သို့ ဖြေရှင်းမှုပြုလုပ်သည့်နေ့များတွင်တော့ ထိုနေ့လုပ်အားခကျန်အောင် မနည်းကြိုးစားရှာဖွေရလေသည်။ ယခုနှစ်၌ အသစ်ပြဋ္ဌာန်းလိုက်သည့် မော်တော်ယာဉ်ဥပဒေသစ် ထွက်ရှိပြီးနောက်ပိုင်းတွင်တော့ ပြစ်မှုပြစ်ဒဏ်များ တိုးမြှင့်ထားသည့်အတွက် ယာဉ်မောင်းအချို့ ဂရုပြုမောင်းနှင်လာမှုများရှိလာကြောင်း သိရသည်။
''လူငယ်လေးတွေ တက်မောင်းတာတွေတွေ့ရင် ခွေကိုင်တတ်တိုင်း ကားမောင်းတတ်ပြီလို့တွေးကြတဲ့ပုံစံတွေ တွေ့ရတယ်။ကားတွေပိတ်ဆို့ ရှုပ်ထွေးနေတဲ့ကြားကကိုမောင်းနေကြတာအရမ်းပဲ။ သူတို့ကိုယ်သူ တို့ကျတော့ ကျွမ်းကျင်တဲ့ တဖက်ကမ်းခတ်ပုံစံမျိုးပေါ့။ တခုရှိတာက ကားမှာ ဆရာကျတယ်ဆိုတာမရှိဘူး။ သတိတချက် လွတ်သွားတာနဲ့ ဒုက္ခရောက်မှာ။ ကားဆရာဆိုတာ ကရိန်းကားပဲရှိတယ်။ ဘယ်ကားတွေ ဘယ်လိုပဲတိုက်တိုက် နောက်ဆုံး ကရိန်းကားနဲ့ပဲဆွဲကြရတယ်လေ။ လူကတော့ ယာဉ်တိုက်မှုတခုဖြစ်တာနဲ့ သေရင်သေ၊ မသေရင် ထောင်ကျ၊ ဒဏ်ရာရ ဒါမျိုးပဲဖြစ်မှာ။ ဒါက စည်းကမ်းမဲ့မောင်းရင်ဖြစ်မှာပဲ''ဟု ယာဉ်မောင်းသက် (၂၅)နှစ်ကျော် ခန့်ကို ဦးကျော်ဘက မှတ်ချက်ပြုပြောဆိုသည်။
ထို့ကြောင့် လိုင်စင်ကန့်သတ်မှုရှိနေသော လူငယ်ယာဉ်မောင်းအချို့ကမူ ညပိုင်းမောင်းနှင်ခြင်းကို အဓိကထား ကြသည်။ မြို့နယ်လုံခြုံရေးအတွက် လှည့်ကင်းစိစစ်ရေးဂိတ်များရှိသည်မှအပ နံနက်ပိုင်းကဲ့သို့ ယာဉ်ထိန်းရဲမှ စစ်ဆေးခြင်းမရှိသလောက်ပင် နည်းပါးသည်။ ထိုအချက်အချို့ကြောင့် ညပိုင်းမောင်းနှင်သူများထဲတွင် လူငယ် များပါဝင်လာသည်။ တက္ကစီယာဉ်မောင်းအများစု လုယက်ခံရသည့်ဖြစ်စဉ်များနည်းတူ ယာဉ်မောင်းသူများက ခရီးသည်များထံမှ လုယက်သည့်ဖြစ်စဉ်များရှိသော်လည်း ခရီးသည်ဟန်ဆောင်ကာ လုယက်ခြင်းဖြစ်စဉ်များ ထက် နည်းပါးလှသည်။
''ကားသမားတွေက လုပ်တယ်ဆိုတာ ရာခိုင်နှုန်းအရ နည်းတော့ နည်းတယ်။ ဟိုတလောက ကြားလိုက်ရတာ ယာဉ်မောင်းက ခရီးသည် အမျိုးသမီးကို လူပြတ်တဲ့နေရာခေါ်သွားပြီး ငွေလုအဓမ္မပြုကျင့်တဲ့ကိစ္စမျိုးတွေရှိ တယ်။ ဒါပေမဲ့ ရာခိုင်နှုန်းအရ နည်းပါတယ်။ ဒါကြောင့် ခရီးသည်ကလည်း ယာဉ်မောင်းတဦးထက်ပိုနေရင် မစီးရဲတော့ဘူး။ တယောက်နဲ့တယောက် သံသယစိတ်တွေ ကြီးထွားနေရတယ်''ဟု လေ့လာသူတဦးက ပြောသည်။
ထို့ကြောင့် ယာဉ်မောင်းသူအချို့မှာ မိမိခရီးသည် ယုံကြည်စိတ်ချ စွာ စီးနင်းနိုင်ရန်အတွက် ယာဉ်နံပါတ်များကို ကား၏အတွင်းခန်း ထင်သာသည့်နေရာတွင် ရေးထားခြင်း သို့မဟုတ် ယာဉ်မောင်းသူမှ မိမိအမည်နှင့်အတူ ယာဉ်နံပါတ်ကို ကြိုတင်ပြောဆိုထားခြင်းများ ပြုလုပ်လေ့ရှိသည်။
၎င်းကဲ့သို့ဖြစ်ရပ်များကို မဖြစ်ပေါ်စေရန်အတွက် ကုမ္ပဏီအချို့မှ ဖုန်းဆက်ရုံဖြင့် အိမ်အရောက်တက္ကစီ ၀န်ဆောင်မှု စတင်ပြင်ဆင်လျက်ရှိကြသည်။ ခရီးသည်၏လုံခြုံရေးအတွက် အထူးအာမခံချက်များပေးကာ ၀န်ဆောင်မှုအပြည့်အ၀ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု ဆိုသော်လည်း လုပ်ငန်းစတင်နိုင်ခြင်း မရှိကြသေးပေ။နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွက် သတ်မှတ်ထားသည့် CNG သုံး အငှားယာဉ်၏ အုံနာငွေသည် ကျပ် တသောင်းနှစ်ထောင်ဝန်းကျင်ခန့်နှင့် အခြားလောင်စာသုံးကားများ၏ အုံနာခမှာမူ ကျပ်တသောင်းဝန်းကျင်ခန့် ဖြစ်သည်။အငှားယာဉ်မောင်းတဦးအတွက် ထိုကဲ့သို့ ရှုပ်ထွေးများပြားလွန်းသည့် တက္ကစီယာဉ်များစွာကြားမှ ခရီးသည်ကို ရှာဖွေပြေးဆွဲရလေသည်။
ထို့ကြောင့် ယာဉ်မောင်းအများစုအနေဖြင့် လောင်စာသုံးသက်သာသည့် ဈေးနှုန်း ချိုသာသော CNG သုံးကားများကို ပိုမိုစိတ်ဝင်စားကာ မောင်းနှင်ချင်ကြသည်။ ခရီးသည်ရရှိဖို့အတွက် လှည့်လည်ရှာဖွေနိုင်သည်။ တက္ကစီတစီးလျှင် လီတာ ၅၀ မှ ၇၅ လီတာခန့်အထိ CNG အိုးများရှိတတ်ပြီး ၎င်းပမာဏဖြည့်မည်ဆိုပါက ကျပ်လေးထောင်ထက် မပိုပေ။
အခြားလောင်စာဆီသုံး အငှားယာဉ်မောင်းနှင်သူအတွက်မူ ထိုကဲ့သို့ ခရီးသည်ကို လိုက်လံရှာဖွေမှုမပြုနိုင်ဘဲ ဂိတ်ထိုး၍လည်းကောင်း၊ ခရီးသည်တဦးပို့ပြီးချိန် အပြန်ခရီးသည် ပြန်ရရှိစေမှသာလျှင် အဆင်ပြေနိုင်ပေသည်။
''ကားတွေကများလာတော့ ယာဉ်မောင်းကလည်း ရှားလာတယ်။ အများစုကတော့ CNG ကားကိုပဲ မောင်းချင် ကြတယ်။ ဆီကားဆိုရင် ဒရိုင်ဘာကောင်းတယောက်တွေ့ဖို့ လနဲ့ချီအချိန်ယူပြီး ရှာရတာတွေရှိတယ်။ နောက်ဆုံး ဆီကားအုံနာအများစုက ကားရပ်ထားရမယ့်အတူတူ ကိုယ့်ဘာသာ ထွက်မောင်းကုန်ရော လက်တည့်စမ်းသပ်တဲ့ ဒရိုင်ဘာ အသစ်တွေရရင်တော့ အုံနာအတွက် ပြင်ဆင်စရိတ်က ပိုကြီးသွားပြီသာ မှတ်။ နောက်ဆုံးကားပါရောင်းလိုက်ရတဲ့ အုံနာတွေလည်းရှိတယ်။ အရင်ကလို ကားတစီးဝယ်ပြီး အဆင်ပြေလို့ နောက်တစီးထပ်ဝယ်နိုင်တဲ့ခေတ် မဟုတ်တော့ဘူး။ ရှိတဲ့အစီးကိုတောင် ၀င်ငွေရအောင် မနည်းလုပ်နေရ တယ်''ဟု တက္ကစီယာဉ်မောင်းပိုင်ရှင်တဦးဖြစ်သည့် ဒေါ်နီနီက ပြောသည်။
မြို့ပြ၏ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ယာဉ်ကြောပိတ်ဆို့မှု၊ ကျပ်တည်းမှုပြဿနာများဖြင့် ကြုံတွေ့နေရဦးမည်။ ထိုအရာများကို ဖြေရှင်းနိုင်ရန်အတွက်လည်း လွှတ်တော်ကိုယ်စားလှယ်အချို့က မဲဆွယ် စည်းရုံးရေးကာလ တွင် ပြောဆိုခဲ့သည်များလည်းရှိလေသည်။ အများပိုင် ယာဉ်လိုင်း၊ အများပိုင်အငှားယာဉ်များအပြင် တံတားစီမံ ကိန်းများ၊ လမ်းဖောက်လုပ်ခြင်းစီမံကိန်းများစွာကလည်း အပြိုင်အဆိုင်ရှိလို့နေသည်။ မည်သို့သော် တိုးတက် ဖွံ့ဖြိုးမှုပင် ပြောင်းလဲခဲ့ပါစေ အငှားယာဉ်ကတော့ ရှိနေဦးမည်ဖြစ်သည်။ ထိုကဲ့သို့ ဖွံ့ဖြိုးပြီး နှောင်းပိုင်း ကာလများတွင်တော့ တက္ကစီမောင်းနှင်ခြင်းကို ၀မ်းစာရှာဖွေနေသည့်အလုပ်ထက် မြို့ပြ၏ သယ်ယူပို့ဆောင် ရေးတာဝန်ကို ထမ်းရွက်နေရသည့်အလား လုပ်ကိုင်ကြရပေဦးမည်။ သို့သော် ယခုအခြေအနေ၌မူ ဘ၀တည်း ဟူသော ပေတရာလမ်းမထက်တွင် ကူးခတ်မောင်းနှင်ကာ အန္တရာယ်များစွာကြားမှ ခရီးသည်ရရှိရေးအတွက် ရှာဖွေနေရဦးမည်ဖြစ်သည်။ မနက်ဖြန်ပေါင်းများစွာကို အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ဖို့အတွက် ဆန္ဒပြုရင်း။
မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မြို့တော်ည၏ လမ်းမပေါ်မှဘ၀များ
Reviewed by THITHTOOLWIN
on
21:18
Rating: