ရှားတောမြို့နယ်မှာ ၀န်ကြီးဦးအောင်မင်းနှင့် ကြံ့ခိုင်ရေးကိုယ်စားလှယ်တို့ အပြိုင်အဆိုင်စည်းရုံးနေ
ကယားပြည်နယ် ရှားတောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်နေကြသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း (တသီးပုဂ္ဂလ) နှင့် ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်လောင်း ဦးဌေးရယ်တို့ အပြိုင်အဆိုင် စည်းရုံးလျက်ရှိကြောင်း သိရှိရသည်။
ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ဦးအောင်မင်းသည် အခြားပါတီများ သွားရောက်မည့်ကျေးရွာတိုင်းတွင် ၎င်း၏ လက်အောက်ငယ်သားများကို လာရောက်ချထားသောကြောင့် အခြားပါတီဝင်များအတွက် သွားရလာရသည်မှာ အဟန့်အတားတစ်ခု ဖြစ်နေကြောင်း ရှားတောမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများက ဆိုသည်။
ရွာသူ/သားများကိုလည်း ဦးအောင်မင်းကို မဲမပေးပါက ငြိမ်းချမ်းရေး ပြန်ပျက်သွားနိုင်ပြီး စစ်ပြန်ဖြစ်နိုင်မည်ဟု ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ထို့ကြောင့် ဒေသခံများသည်လည်း စစ်ဒုက္ခကိုကြောက်သောကြောင့် ၎င်းဘက်သို့ ပါသွားသည့် ပြည်သူများရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးရယ်က ပြောသည်။
ဦးအောင်မင်း၏လက်အောက်ငယ်သားများသည် အခြားပြိုင်ဘက်ပါတီများကို မဲမထည့်နိုင်အောင် နည်းအမျိုးမျိုးလိုက်လံ တားဆီးနေသည်ဟု ဦးဌေးရယ်ကပြောသည်။
“သူ့လူတွေကလည်း ကျွန်တော့ကို မဲမထည့်နိုင်အောင် အမျိုးမျိုးလိုက်တားဆီးနေတော့ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူး”ဟု ပြောသည်။
“သူက ငြိမ်းချမ်ရေးနဲ့ လာတယ်ဆိုတော့လည်း ငြိမ်းချမ်းရေး ပျက်ပြယ်သွားမှာကို စိုးရိမ်နေကြတဲ့အတွက် သူ့ဘက်ပါသွားရတာတွေလည်း ရှိတာပေါ့။ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးရဲ့ အရသာကို အခုမှခံစားဖူးတာဆိုတော့လည်းပေါ့ ”
ဝန်ကြီးဦးအောင်မင်း မဲဆွယ်စည်းရုံးရာတွင် ၎င်းအနိုင်ရခဲ့လျင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်ပေးမည်ဟု ကတိပေးပြီးအကယ်၍ မလုပ်ပေးပါက ၎င်းအားပြန်ကန့်ကွက်နိုင်သည်ဟု ပြောဆိုစည်းရုံးကြောင်းလည်း ရှားတောဒေသခံတစ်ဦးက ပြောသည်။
မဲဆွယ်ကာလတွင် ရှားတောမြို့နယ်ကျေးရွာတိုင်းသို့ ဦးအောင်မင်း သွားရောက်ပြီး ရုပ်မြင်သံကြားစက်များ၊ ဂြိုဟ်တုစလောင်းဖမ်းစက်များ တစ်ရွာလျင် အနည်းဆုံး ၁စုံပေးခဲ့သည်ဟုလည်း ကြားသိရသည်။
သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဦးအောင်မင်းသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေးမှု လုပ်ဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့တွင် ဒုဥက္ကဌအဖြစ်တာဝန်ယူထားသူ ဖြစ်သည်။
ရှားတောမြို့တွင် မြင်တွေ့ရသည့် ဦးအောင်မင်း၏ အမှတ်တံဆိပ်ဖြစ်သည်။ ဓါတ်ပုံ - ဆန်းဖြိုးထွန်း
မူအက်စတာ
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
ရှားတောမြို့နယ်မှာ ၀န်ကြီးဦးအောင်မင်းနှင့် ကြံ့ခိုင်ရေးကိုယ်စားလှယ်တို့ အပြိုင်အဆိုင်စည်းရုံးနေ
Reviewed by THITHTOOLWIN
on
20:49
Rating: