SSPP/SSA အားထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒေသခံ ထောင်ကျော် စစ်ဘေးဒဏ်သင့်


 အောက်တိုဘာ ၁၄ ရက် ၂၀၁၅

 တပြည်လုံးအပစ်ရပ်ရေး NCA စာချုပ်ချုပ်ဆိုရန် နေပြည်တော် တွင် ပြင် ဆင်နေချိန် သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ မိုင်းရှူး၊ မိုင်းနောင်၊ တန့်ယန်း မြို့နယ်အတွင်း အစိုးရတပ်မတော်က သျှမ်းပြည်တပ်မတော် SSPP/SSA အား ထိုးစစ်ဆင်တိုက်ခိုက်မှုပြုနေသဖြင့် ဒေသခံ တထောင် ကျော် နေရပ်မှ စွန့်ခွါကာစစ်ဘေးရှောင်နေကြပါသည်။

"မိုင်းရှူးမြို့နယ် ဟိုင်းပါအုပ်စုက ၂၄ ရွာထဲက နောင်ခိတ်ရွာ ၁၆၈ ယောက်၊ နားပေရွာက ၁၄၅ ယောက်၊ တာ့ဆမ်ပူးက၂၄၃ ယောက်၊ ကောင်းနင်က ၃၂၀ ယောက်က၊ နမ့်ပါမုန်း ၃၈၃ ယောက်၊ ဟိုနမ့် ၆၆ ယောက် စုစုပေါင်း ၁၃၀၀ ကျော်တယ်။ အခုဟိုင်းပါ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင် ၁၁၇ ယောက်ရှိနေတယ် ။ တချို့လည်း ဆွေမျိုးတွေအိမ်မှာ ခိုလှုံနေကြတယ်" - ဟု မိုင်းရှူးမှ လူငယ်များကပြောသည်။

အောက်တိုဘာ ၁၃ ရက်နေ့က မြောက်ပိုင်း သျှမ်းပြည်တပ်မတော် SSPP/SSA ၀မ့်ဟိုင်းဌာနချုပ် အနီးသို့ အစိုးရတပ်မတော် တပ်မ ၅၅ ၊ စစ်ဆင် မှုကွပ်ကဲရေး ဌာနချုပ် စကခ ၂ နှင့် စကခ ၁၇ လက်အောက်ခံ တပ်ရင်းများ အင်အားဖြည့်ကာ သျှမ်း ပြည်တပ်မတော်ဌာနချုပ် လုံခြုံရေး တပ်စခန်း သုံးခုအား ထပ်မံတိုက်ခိုက်ခဲ့ပါသည်။

"အခုစစ်ပြေးဒုက္ခသည် တွေကို သွားရောက်ကူညီဖို့ စီစဉ်နေပါတယ်။ နမ့်ခုံး ပရဟိတ အသင်းက လည်း ထောက်ပံ့ပစည်းတွေ ဟိုင်းပါကို ပေးပို့ ထား တယ် လို့ကြားရပါတယ်။ တခြားတော့ မတွေ့ သေးဘူး။ " - ဟုလည်း မိုင်းရှူးမှ လူငယ်အများအဖွဲ့က ပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်အား အစိုးရတပ် က အောက်တိုဘာလ ၆ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။

SSPP/SSA သည် NCA လက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သည့်အတွက် လက်မှတ်ထိုးလာ စေရန် ဖိအားပေးတိုက်ခိုက်နေခြင်းဖြစ်သည်ဟု သျှမ်းပြည် တပ်မတော်က ပြောသည်။ မည်သို့ ပင်ဆိုစေ သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရ နှင့် ပြည်နယ် အဆင့် ပြည်ထောင်စု အဆင့်အပစ် ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားသည့်တပ်ဖွဲ့ဖြစ်ပါသည်။

ဓါတ်ပုံ- ဟိုင်းပါဘုန်းကြီးကျောင်းရောက် စစ်ပြေးဒုက္ခသည်များ

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
SSPP/SSA အားထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒေသခံ ထောင်ကျော် စစ်ဘေးဒဏ်သင့်  SSPP/SSA အားထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒေသခံ ထောင်ကျော် စစ်ဘေးဒဏ်သင့် Reviewed by THITHTOOLWIN on 18:32 Rating: 5
Powered by Blogger.