သဲကန္တာရအတွင်း ခြောက်ရက်ကြာ ပျောက်ဆုံးသူ ပုရွက်ဆိတ်များ စားသုံးခြင်းဖြင့် အသက်ဆက်

Lost hunter survives 6 days without water by eating ants
 ပါ့သ် ၊ ၁၄-၁၀-၂၀၁၅

 သြစတြေးလျနိုင်ငံ အနောက် အလယ်ပိုင်းရှိ သဲကန္တာရ အတွင်း ခြောက်ရက်ကြာ လမ်းပျောက်နေသည့် အမျိုးသား တစ်ဦးသည် ပုရွက်ဆိတ်များကို စားသုံးခြင်းဖြင့် အသက်ဆက် ခဲ့ကြောင်း အောက်တိုဘာ ၁၃ ရက် ထုတ်ပြန်ချက် အရ သိရသည်။

အသက် ၆၂ နှစ်အရွယ် ရေ့ဂ်ျဖော့ဂါဒီ အမည်ရှိ အဆိုပါ အမျိုးသားကို သဲကန္တာရ အတွင်း၌ အောက်တိုဘာ ၁၃ ရက် နံနက် ၆ နာရီခန့်တွင် ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ဆေးကုသမှု ပေးရန်အတွက် ဒေသတွင်း ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။  ရှာဖွေရေး ရဲတပ်ဖွဲ့သည် အောက်တိုဘာ ၁၂ ရက်က ရှာဖွေတွေ့ရှိ ခဲ့သော ခြေရာ စွတ်ကြောင်းကို ခြေရာခံပြီး နောက် ဖော့ဂါဒီ အား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဖော့ဂါဒီသည် သဲကန္တာရ အတွင်း ခြောက်ရက်ကြာ ပျောက်ဆုံးနေစဉ် ရေလုံးဝ သောက်သုံးရခြင်း မရှိသည့်အတွက် ရှာဖွေရေး အဖွဲ့မှ ကနဦး တွေ့ရှိချိန်တွင် ၄င်းမှာ ရေဓာတ် ခန်းခြောက်ပြီး စိတ်ကယောင် ချောက်ချား ဖြစ်နေကြောင်း၊ သို့သော် အရေးပေါ် ကုသမှုပေး ပြီးနောက် ပြန်လည် စကားပြော လာနိုင်ကြောင်း ကယ်လ်ဂိုးလိုင်း ရဲတပ်ဖွဲ့မှ ရဲမှူး အန်ဒီဂရိတ်ဝုဒ် က အေဘီစီ သတင်းဌာနသို့ ပြောကြားသည်။

ထို့အပြင် ဖော့ဂါဒီသည် သဲကန္တာရ အတွင်း လမ်းပျောက် နေသည့် ရက်များတွင် အမည်းရောင် ပုရွက်ဆိတ် များကို စားသုံးခြင်းဖြင့် အသက်ရှင် ခဲ့ရကြောင်း ဂရိတ်ဝုဒ် က ထပ်လောင်း ပြောကြားသည်။

ဖော့ဂါဒီ သည် အောက်တိုဘာ ၇ ရက်မှစ၍ သဲကန္တာရ အတွင်း ပျောက်ဆုံးခဲ့ခြင်း ဖြစ်ပြီး ပါ့သ်မြို့ အရှေ့ဘက် ၁၁၂ဝ ကီလိုမီတာ အကွာရှိ ဂရိတ် ဗစ်တိုးရီးယား သဲကန္တာရ အစပ်သို့ အပျော်ခရီး ထွက်ရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
သဲကန္တာရအတွင်း ခြောက်ရက်ကြာ ပျောက်ဆုံးသူ ပုရွက်ဆိတ်များ စားသုံးခြင်းဖြင့် အသက်ဆက်   သဲကန္တာရအတွင်း ခြောက်ရက်ကြာ ပျောက်ဆုံးသူ ပုရွက်ဆိတ်များ စားသုံးခြင်းဖြင့် အသက်ဆက် Reviewed by THITHTOOLWIN on 11:01 Rating: 5
Powered by Blogger.