လွန်ခဲ့သော ဇူလိုင်လကုန်ရက်များနှင့် သြဂုတ်လဆန်းပိုင်းအထိ ရက်ရှည် ရေကြီးနစ်မြှပ်ခဲ့သော စေတုတ္တရာမြို့နယ်ရှိ ကျေးရွာများနှင့် စေတုတ္တရာမြို့ခံအိမ်ထောင်စု ၆၀၀၀ခန့်မှာ အနာဂတ် မသေချာမှုများကြောင့် မြို့ပြောင်းရွှေ့ပေးရေးအတွက် ပြည်သူများထံမှ လက်မှတ်များ စုဆောင်းနေကြောင်း စေတုတ္တရာမြို့နယ်အနာဂတ်အတွက် ဦးဆောင်လှုပ်ရှားနေသော အရှိုချင်းလူငယ်တစ်ဦးဖြစ်သူ ဦးဝင်းမြင့်ထွေးက ပြောကြားသည်။
စေတုတ္တရာမြို့နယ်မှာ အရှိုချင်းတိုင်းရင်းသား လေးသောင်းလောက်ရှိပြီး တမြို့နယ်လုံးတွင် လူဦးရေ ၅၆၆၆၄သာ ရှိသည်။ ထိုအထဲမှ ရေဘေးသင့်ပြည်သူအများစုမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ချင်သော်လည်း ပြန်လည်အခြေချနေထိုင်ရေးအတွက် ငွေကြေးမတတ်နိုင်ခြင်း စိုက်ပျိုးမြေအသစ်ရရှိရန် ခက်ခဲခြင်းစသောအချက်များကြောင့် ပြောင်းရွှေ့နိုင်ခြင်းမရှိဘဲ အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း စေတုတ္တရာမြို့နယ် လယ်ပြင်စုဒေသခံများက ပြောဆိုသည်။
“တော်တော်များများက ထောက်ခံလက်မှတ်တွေ ထိုးထားကြပါတယ် လက်ရှိ ပါတီဝင် ၁၅ရာခိုင်နှုန်းကသာ ထောက်ခံမှု မပေးသေးတာပါ မြို့နယ်တစ်ခုလုံးမှာ ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ လိုတဲ့ အိမ်ထောင်စု ၆၀၀၀လောက်ရှိပါတယ် သူတို့တွေအတွက် အိမ်ထောင်စု တစ်စုကို စိုက်ပျိုးမြေ၅ဧကလောက်ရမယ်ဆိုရင် ပြောင်းရွှေ့ချင်ကြပါတယ် ကျွန်တော်တို့တွေကို အစိုးရက အကူအညီပေးသင့်ပါတယ် အစိုးရစီမံကိန်းတွေအတွက် ယူထားတဲ့မြေ တစ်ဝက်တောင်မရှိပါဘူး”ဟု စေတုတ္တရာမြို့ ပြောင်းရွှေ့ရေးအတွက် ဒေသခံအများစု၏ ထောက်ခံမှုကို ရရှိထားသည့် ဦးဝင်းမြင့်ထွေးကဆိုသည်။
စေတုတ္တရာမြို့မှာ အထက်ပိုင်းတွင် တောင်နှစ်လုံးကို ပိတ်ဆို့ပြီး တည်ဆောက်ထားသော မုန်းဆည်ကြီး ရှိသလို မုန်းဆည်မှ လွှတ်ထုတ်လိုက်သော ရေပိုများကို ကြီးအုံးကြီးဝဆည်က တဆင့် ထပ်မံပိတ်ဆို့ထား၍ ရေနစ်မြှပ်ဧရိယာအတွင်း ကျရောက်နေသောကြောင်း လူတစ်ဦးချင်းတစ်နေ့ဝင်ငွေ ၁၇၅၆ကျပ်သာရှိပြီး တစ်နှစ် လူတစ်ဦးချင်းဝင်ငွေ ၆၄၁၂၃၄သာ ရှိသော စေတုတ္တရာဒေသခံများစွာနှင့် တွေ့ဆုံမေးမြန်းထားမှုအရ သိရသည်။
စေတုတ္တရာမြို့ရှိ လူဦးရေ၅သောင်း၆ထောင်ကျော်မှ အများစုမှာ ရေကြီးနစ်မြှပ်နိုင်သော မုန်းချောင်းဘေးဒေသများတွင်သာ လယ်ယာစိုက်ပျိုးရေးအတွက် မဖြစ်မနေ နေထိုင်ကြရပြီး ကျန်ဒေသများမှာ စိုက်ပျိုးမြေမကောင်းသော ပေ၁၅၀၀မှ ပေ၂၀၀၀အထိ မြင့်သော တောင်တန်းများ ဖြစ်နေသောကြောင့် အိမ်ခြေ၇၇၆၈အိမ်တွင် အိမ်ထောင်စု ၆၀၀၀လောက်မှာ ရေဘေးသင့်ခဲ့ပြီး ထိုရေဘေးသင့် ပြည်သူများစွာက ဘေးလွတ်ရာ ဒေသများသို့ ပြည်ထောင်စုအစိုးရ၏ အစီအစဉ်ဖြင့် ပြောင်းရွှေ့ရမည်ဆိုပါက ပြောင်းရွှေ့ချင်ကြောင်း စေတုတ္တရာအနာဂတ် အေးချမ်းရေး အဓိကဆောင်ရွက်နေသူ ကိုထွေးက ပြောပြသည်။
စေတုတ္တရာမြို့နယ်ရှိ ရေဘေးသင့်ဒေသများကို အစိုးရအစီအစဉ်ဖြင့် ပြောင်းရွှေ့ရေးပေးကို သက်ဆိုင်ရာသို့ တင်ပြထားပြီး လောလောဆယ်တွင် ရေကြီးနစ်မြှပ်မှုခံခဲ့ရသော ဒေသများမှာ ပြန်လည်ထူထောင်ရေးအတွက် စိုက်ပျိုးမြေ ပြန်လည်ဖော်ထုတ်ရေး၊ ပဲမျိုးစုံမျိုးစေ့ရရှိရေး၊ စိုက်ပျိုးချိန်ကာလအတွင်း အိမ်းစားဖူလုံရေးစသော အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး လူသူအရောက်အပေါက်နည်းသော ဒေသများမှာ အခြေချပြန်လည်နေထိုင်ရေးပင် အခက်အခဲများစွာ ရှိနေသေးကြောင်း စေတုတ္တရာမြို့နယ် ဒေသစုံမှ ဒေသခံများက ပြောဆိုကြသည်။
စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
စေတုတ္တရာမြို့နယ်ရှိ အိမ်ထောင်စု ၆၀၀၀ ကျော် မြို့ပြောင်းရွှေ့ပေးရေး လက်မှတ်များ စုဆောင်းနေ
Reviewed by THITHTOOLWIN
on
18:52
Rating: