ဘရာဇီးနိုင်ငံ ပါနမ်ဘူကိုပြည်နယ်ရှိ အချုပ်ခန်းများသည် ဥပဒေမဲ့သားရဲတွင်းများကဲ့သို့ဖြစ်နေပြီး ယင်းအကျဉ်း စခန်းများတွင် မူးယစ်ကိုကင်းများ ရောင်းဝယ်သည့် အကျဉ်းသားများရှိသလို အကြွေးမဆပ်နိုင်သူများမှာလည်း အသတ်ခံကြရကြောင်း စုံစမ်းစစ်ဆေးမှုများမှ ထွက်ပေါ်လာသည်။
အကျဉ်းထောင် အကြီးအကဲများကိုယ်တိုင်ကလည်း ထောင်ကျများကို ကြောက်လန့်နေကြရပြီး 'ချာဗေရို့စ် 'သို့မဟုတ် 'သော့ကိုင်များ'ဟု ခေါ်သည့် အန္တရာယ်ပေးနိုင်သော အကျဉ်းသားများကို ၎င်းတို့ ထောင်ကျ ဆောင်ကို ကိုယ်တိုင်ထိန်းသိမ်းခွင့် ပေးထားရသည်။ သက်ဆိုင်ရာအာဏာပိုင်များက လူသတ်တရားခံများ၊ မုဒိမ်းတရားခံများနှင့် မူးယစ်ဆေးရောင်းဝယ်သူများကို ၎င်းတို့နောက်လိုက် အကျဉ်းသားများအပေါ် ထိန်းချုပ် ရန် အလုပ်ပေးထားရကြောင်း ထောင်အရာရှိတဦးက လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့သို့ ပြောကြားခဲ့သည်။ ဘရာဇီးနိုင်ငံ ပါနမ်ဘူကိုပြည်နယ်တွင် အကျဉ်းထောင် လေးခုရှိပြီး အကျဉ်းထောင်များတွင် အကျဉ်းသားများမှာ ထောင်မဆံ့အောင် များပြားလျက် ရှိသည်။
ယင်းကဲ့သို့ သော့ကိုင်များ လွှမ်းမိုးနေသော အကျဉ်းထောင်များတွင် ရောဂါဘယများ ပျံ့နှံ့လျက်ရှိသည်။ အားနွဲ့သူများမှာ ၀ိုင်း၍အဓမ္မပြုကျင့်ခြင်း ခံရသည်။ ထောင်ကျခံရသူများ အကြွေးတင်သည့်အခါ အပြင်တွင်ရှိသည့် ဆွေမျိုးသားချင်းများ ခြိမ်းခြောက်ငွေညှစ်ခံရသည်။
သာမန်အကျဉ်းသားများမှာ အများနှင့်ရော၍ ကျဉ်းကျပ်စွာ နေကြရသည်။ 'သော့ကိုင်'ဆိုသူများမှာမူ ရေခဲသေတ္တာ၊ တီဗွီ၊ ပန်ကာနှင့် ကိုယ်ပိုင်ရေချိုးခန်းများပါသော အခန်းများနှင့် နေကြသည်။
ဤသို့ဖြင့် ဘရာဇီးအကျဉ်းထောင်ထဲတွင် 'သော့ကိုင်'များသည် ဂိုဏ်းဖွဲ့ပြီး မတရားမှုများ ကျူးလွန်နေကြ စေကာမူ ထောင်အာဏာပိုင်များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ရေငုံနှုတ်ပိတ် လုပ်နေကြသည်။ အချို့သော အမျိုးသားအကျဉ်းသားများသည်လည်း ထောင်တွင်းရှိ ဂိုဏ်းသားများ၏ ၀ိုင်း၍ မုဒိမ်းကျင့်မှုခံကြရကြောင်း၊ သက်ဆိုင်ရာအာဏာပိုင်များ တိုင်ကြားပါက အသတ်ခံရမည်စိုး၍ မပြောရဲဟုဆိုသည်။ ထိုကြောင့် ယင်းထောင် များတွင် HIV ရောဂါပိုး ပြင်ပထက် ၄၂ ရာခိုင်နှုန်း ပျံ့နှံ့ပြားလျက် ရှိသည်။
ဘရာဇီးနိုင်ငံ၏ အကျဉ်းထောင်များမှာ လူပေါင်း ၃၇၇၀၀၀ ခန့်သာ ဆံ့သော်လည်း ယနေ့အချိန်တွင် ၆၀၇၀၀၀ ခန့်ရှိသည်။ ပါနမ်ဘူကိုပြည်နယ် အကျဉ်းထောင်များတွင် လူပေါင်း ၁၀၅၀၀ ခန့်သာ ဆံ့သော်လည်း ၃၂၀၀၀ ခန့်ရှိနေသည်ဟု ဆိုသည်။ ဘရာဇီးအကျဉ်းထောင်များအတွင်း နိုင်ငံတော်က မကောင်းဆိုးဝါးများကို အုပ်စီးခွင့်ပြုထားကြောင်း ဘရာဇီး ရှေ့နေတဦးက ဝေဖန်ခဲ့သည်။
ထွဋ်ဝင်းထွဋ်
Ref: Daily Mail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အကျဉ်းသားများကို လူမိုက်တွေနဲ့ အုပ်စိုးခိုင်းထားတဲ့ ဘရာဇီး ပါနမ်ဘူကို အကျဉ်းထောင်
Reviewed by THITHTOOLWIN
on
21:22
Rating: