စစ်ကိုင်းနဲ့ ကယားမှာ ရေဘေးကြောင့် လူ ၄၀ ကျော် သေဆုံး

 ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီး ဒေသမှာ မြေပြိုကျတဲ့ နေရာ တစ်ခုကို အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: MOI
 ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ ကယားပြည်နယ်မှာ ရေကြီး နစ်မြုပ်မှုကြောင့် သေဆုံးသူ ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီးမှာ ၁၉ ဦးက ရေနဲ့ မျောပါ သေဆုံး ခဲ့ပြီး ကယားပြည်နယ် မော်ချီးဒေသမှာ မြေပြိုကျ မှုကြောင့် သေဆုံးသူ ၂၀ကျော်ရှိတယ်လို့ နေပြည်တော် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

"အောက်တိုဘာလ ဒုတိယအပတ်မှာ ဖြစ်ခဲ့တဲ့ရေဘေးပေါ့နော် စစ်ကိုင်းမှာဆိုရင် အိမ်တွေက အရမ်းပျက်စီးသွား တာ ပြောင်းရွှေ့တာတွေ မရှိဘူးပေါ့နော်၊ ဒါပေမဲ့ လူသေဆုံးမှုရှိတယ်၊ စုစုပေါင်း ၁၉ ဦးပေါ့နော်၊ သေတယ် ဆိုတာ ပျောက်နေတာတွေရှိတယ်၊ မော်လိုက်မှာဆိုရင် ၄ ဦးရှိတယ်၊ ကလေးဝမှာဆိုရင် ၁၄ ဦးက ပျောက်သွား တာ ၇ ဦးက အလောင်းပြန်ရတယ်၊ ၇ ဦးပျောက်နေဆဲပေါ့၊ ကယားမှာတော့ နည်းနည်းလေးဆိုးတာပေါ့နော် ၊ သေဆုံးတာ အမတို့ ဦးစီးဌာနကရတဲ့စာရင်းနဲ့ဆို ၂၂ ဦးပေါ့နော်"

ကယားပြည်နယ် မော်ချီးဒေသဘက်မှာ မြေပြိုကျပြီး သေဆုံးသွားတဲ့သူ တစ်ဦးကို ၁ သိန်းနှုန်းနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကယ်ဆယ်ရေးစခန်း ရောက်ရှိနေသူတွေကို အစားအသောက်နဲ့ အ၀တ်အထည်တွေ ထောက်ပံ့ပေး ထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လကစပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများမှာ ရေဘေးဒဏ်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိခဲ့ပြီး ရေဘေးဒဏ်ခံရသူ ၁သန်းကျော်ရှိခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
စစ်ကိုင်းနဲ့ ကယားမှာ ရေဘေးကြောင့် လူ ၄၀ ကျော် သေဆုံး  စစ်ကိုင်းနဲ့ ကယားမှာ ရေဘေးကြောင့် လူ ၄၀ ကျော် သေဆုံး Reviewed by THITHTOOLWIN on 01:47 Rating: 5
Powered by Blogger.