တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်အကောင်အထည်ဖော်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးပွဲကို နေပြည်တော်က မက်စ်ဟိုတယ် မှာ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကျင်းပနေစဉ်။ Photo: Win Naung Toe/ RFA |
နေပြည်တော်က မက်စ်ဟိုတယ်မှာ ဒီကနေ့ကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်အကောင်အထည်ဖော်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲမှာ သူတို့ နှစ်ဦးက ပြောကြားခဲ့တာဖြစ်ပါတယ်။ အပစ်ရပ်စာချုပ်ကို နိုင်ငံတော်အစိုးရအနေနဲ့ လေးစားလိုက်နာမှာဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားပါတယ်။
"နိုင်ငံတော်အစိုးရအနေနဲ့ နှစ်ဖက်လင်မှတ်ထိုးခဲ့တဲ့ NCA စာချုပ်ကို လေးစားလိုက်နာ ပြီး စာချုပ်ပါ သဘောတူညီချက်များအတိုင်း၊ စာချုပ်ပါအချိန်ဇယားများ အတိုင်း၊ အတိကျဆုံးနဲ့ အကောင်အထည်ဖော်သွားနိုင်ဖို့ ကြိုးပမ်းသွားမယ်ဆိုတာဖြစ်ပါတယ်၊ NCA စာချုပ်အကောင်အထည်ဖော်မှုကို ဆက်လက်အားသွန် ခွန်စိုက်လုပ်ဆောင်ရင်း လက်မှတ်မရေးထိုးနိုင်သေးတဲ့အဖွဲ့တွေကိုလည်းပဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာ နိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ပါတယ်"
ကေအင်န်ယူခေါင်းဆောင်ဖဒိုစောကွယ်ထူးဝင်းကလည်း စာချုပ်ကို လက်တွေ့အကောင် အထည်ဖော်ဖို့ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
"ဒီဆွေးနွေးပွဲကနေပြီးတော့ ကျနော်တို့လက်တွေ့ဆောင်ရွက်ရမယ့် စစ်ဖက်ဆိုင်ရာကိစ္စဖြစ်တဲ့ ကော်မတီဖွဲ့စည်းရမှာဖြစ်ပါတယ်၊ ဒုတိယအနေနဲ့ကတော့ ကျနော်တို့ရဲ့နိုင်ငံရေးပြဿနာတွေကိုဆွေးနွေးမယ့် ကော်မတီကို ကျနော်တို့ဖွဲ့စည်းရမှာဖြစ်ပါတယ်၊ ဒီကော်မတီနှစ်ခုက ကျနော်တို့သဘောတူစာချုပ်ရဲ့အကောင် အထည်ဖော်မှုတွက်အလွန်အရေးကြီးပါတယ်၊ ဒီနေ့ဆွေးနွေးပွဲမှာ ကျနော်တို့ဒီကော်မတီတွေကိုဖွဲ့စည်းနိုင်ဖို့အတွက် ကျနော်တို့မျှော်လင့်ပါတယ် "
ဒီနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဖဒိုစောကွယ်ထူးဝင်း၊ ခွန်ဥက္ကာ၊ မြန်မာ့တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင် တက်ရောက်ခဲ့ပါတယ်။
ဖွင့်ပွဲအပြီး ဆက်လက်ကျင်းပတဲ့ ဆွေးနွေးပွဲကတော့ တံခါးပိတ်အစည်းအဝေး ဖြစ်တဲ့အတွက် ဆွေးနွေးတဲ့အကြောင်းအရာတွေနဲ့ ရလဒ်အသေးစိတ်ကိုတော့ လတ်တလောမသိရပေမယ့် ညနေပိုင်းကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ချင်းအမျိုးသားတပ်ဦးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းလျှံမှုန်းဆာခေါင်းက လက်ရှိ အပစ်ခတ်ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားတွေဘက်က လိုက်နာမှု အပြည့်ရှိကြောင်း၊ မြန်မာ့တပ်မတော်ဘက်ကလည်း အလားတူ အပြည့်အဝလိုက်နာ ဖို့လိုကြောင်းနဲ့ ထိုးစစ်ဆင်မှုတွေ လုံးဝမပြုလုပ်ဖို့ တောင်းဆိုကြောင်း ပြောကြားပါတယ်။
မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက အပစ်ခတ်ရပ်စဲရေးစာချုပ်ကို မြန်မာ့တပ်မတော်ဘက်က အပြည့်အ၀လိုက်နာမှု ရှိတယ်လို့ သူနားလည်သိရှိကြောင်း ပြောဆိုပါတယ်။
RFA Burmese
http://www.rfa.org/burmese
အစိုးရနဲ့ တိုင်းရင်းသားတွေ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်း တိုက်တွန်း
Reviewed by THITHTOOLWIN
on
00:32
Rating: