ဟန်ဂေရီမှာ ထိန်းသိမ်းထားတဲ့ ခိုလှုံခွင့်တောင်းလိုသူကို ရဲတွေက စောင့်ကြပ်စဉ် (Credit: Reuters) |
အင်္ဂါနေ့ကစပြီး ဟန်ဂေရီက ဆားဗီးယားနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်ကို ပိတ်ချထားလိုက်တာ ဖြစ်ပါတယ်။
အရင်တုန်းကတော့ နယ်စပ်ကို ဖွင့်ခဲ့ပေမယ့် မနေ့ကစပြီး ပိတ်ချတာဖြစ်ပြီး တရားမဝင် ဖြတ်ကျော်သူကို ဖမ်းဆီးရာကနေ လူပေါင်း ၁၇၀ ကျော် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
ခိုလှုံခွင့်တောင်းလိုသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ နေရာကို လာပြီး ခိုလှုံခွင့်လျှောက်လွှာ တင်နိုင်တယ်လို့လည်း ပြောလိုက်ပါတယ်။
ဒါပေမဲ့ ခိုလှုံခွင့် တောင်းလိုသူ အများစုကို ဟန်ဂေရီက ခိုလှုံခွင့်ပေးမယ့် အလားအလာ နည်းပါးပါတယ်။
လူတစ်ယောက်ရဲ့ ပြောပြချက်အရ ခိုလှုံခွင့် လျှောက်လွှာတင်ပြီး တစ်နာရီအတွင်းမှာပဲ သူ့လျှောက်ထားချက် မအောင်မြင်ဘူးလို့ ဟန်ဂေရီအာဏာပိုင်က ချက်ခြင်း အကြောင်းပြန်လာတယ်လို့ ပြောပါတယ်။
တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေကို ထောင်ဒဏ်အထိ ချမှတ်ဖို့ ဥပေဒမှာ ပြဌာန်းထားပေမယ့်လည်း ခိုလှုံခွင့်တောင်းလိုသူတွေကတော့ နယ်စပ်စည်းမှာ စုဝေးရောက်ရှိနေပြီး နယ်စပ် မဖွင့်ပေးမခြင်း ဘယ်ကိုမှ မသွားဘူးလို့ ဆန္ဒပြနေကြပါတယ်။
ဒီနှစ်အတွင်း ဟန်ဂေရီနိုင်ငံထဲ ဝင်ရောက်လာသူ နှစ်သိန်းရှိလာပြီးနောက် အီးယူအဖွဲ့ဝင်မဟုတ်တဲ့ ဆာဗီးယားနဲ့ ထိစပ်တဲ့နယ်စပ် တလျှောက်မှာ ဟန်ဂေရီက သံဆူးကြီး တံတိုင်းတွေ တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံက နယ်စပ် ဖြတ်ကျော်မှုကို တင်းကြပ်ပြီးတဲ့နောက် မီးခိုးကြွက်လျှောက် ဆိုသလို သြစတီးယားနဲ့ ဆလိုဗက်ကီးယားတို့ကလည်း တင်းကြပ်မှု လုပ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ဂေရီက နယ်စပ်ကို ပိတ်ချလိုက်တာ ဖြစ်ပါတယ်။ ပိုလန်ကလည်း နယ်စပ်ကို ပိတ်ချဖို့ စဉ်းစားနေပြီး နယ်သာလန်ကတော့ နယ်စပ်လုံခြုံရေး တိုးမြင့်ထားပြီလို့ ပြောပါတယ်။
ဂျာမနီက နယ်စပ်မှာ တင်းကြပ်မှုလုပ်လိုက်ပြီးတဲ့နောက် ထောင်နဲ့ချီတဲ့ ခိုလှုံခွင့် တောင်းလိုသူတွေဟာ သြစတီးယားနိုင်ငံမှာ သောင်တင်နေကြရပါတယ်။
ဆားဗီးယားကလည်း အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် နယ်စပ်ဖွင့်လှစ်ပေးဖို့ ဟန်ဂေရီကို တောင်းဆိုနေပါတယ်။
ဟန်ဂေရီကသာ မဖွင့်ပေးရင် ခိုလှုံခွင့်တောင်းသူတွေဟာ ရိုမေးနီးယားနဲ့ ခရိုအေးရှား နိုင်ငံတွေဘက်ကို ဦးတည်နိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
ဒီနှစ်အတွင်း မြေထဲပင်လယ်ကနေတဆင့် လူပေါင်း လေးသိန်းသုံးသောင်းလောက် ဥရောပတိုက်ထဲကို ဝင်လာနေတာဖြစ်ပြီး လူပေါင်း ၂၇၀၀ လောက် ပင်လယ်ပြင်မှာ သေဆုံးရပြီ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
နယ်စပ်ဖြတ်ကျော်သူ ၂၀၀ ကို ဟန်ဂေရီဖမ်းဆီး
Reviewed by THITHTOOLWIN
on
11:16
Rating: