မကြာခင်က အငြိမ်းစား ယူထားတဲ့ တပ်မတော် ထိပ်တန်း အရာရှိကြီးတွေ ကိုကိုးကျွန်းမှာ ဝင်ပြိုင်မယ် |
ရွေးကောက်ပွဲ ကော်မရှင်ကနေ ကိုယ်စားလှယ်လောင်းတွေကို ပေးထားတဲ့ စီဒီပြားတွေပါ သတင်း အချက်အလက်တွေအရ ကိုကိုးကျွန်းမှာ တိုင်းဒေသကြီး မဲဆန္ဒနယ် နှစ်ခုရှိပြီး မဲပေးခွင့် ရှိသူ စုစုပေါင်း ၁၆၀၀ လောက်ထဲမှာ ရွှေ့ပြောင်း လုပ်သားက ၃၀၀ လောက် ရှိနေပါတယ်။
ကျန်တဲ့ လူတွေကတော့ အဓိကအားဖြင့် အစိုးရ ဝန်ထမ်း တချို့နဲ့ တပ်မတော်က စစ်သည်တွေ၊ သူတို့ရဲ့ မိသားစုတွေသာ ရှိကြပါတယ်။
ရွှေ့ပြောင်း လုပ်သားတွေက သူတို့ကို လေယာဉ်ကွင်း တည်ဆောက်ရေး လုပ်ငန်းအတွက် ပြီးခဲ့တဲ့ ၆ လလောက်ကမှ ရန်ကုန်တိုင်း ဒေသကြီး သံလျင်မြို့ ကနေ ခေါ်ယူထားတာ ဖြစ်တယ်လို့ ပြော ပါတယ်။
ရွေးကောက်ပွဲ စည်းမျဉ်းတွေအရ နေရာတခုမှာ ယာယီ နေထိုင်တဲ့သူတွေ အနေနဲ့ အဲဒီနေရာမှာ ရက်ပေါင်း ၁၈၀ နေထိုင်တယ်ဆိုရင် သူရောက်နေတဲ့ မဲဆန္ဒနယ်မှာ မဲပေးခွင့်ရှိပါတယ်။
ဒါကြောင့် ကိုကိုးကျွန်း မဲဆန္ဒရှင် စုစုပေါင်းရဲ့ ၂၀ ရာနှုန်းနီးပါး ဖြစ်နေတဲ့ ရွှေ့ပြောင်း လုပ်သားတွေရဲ့ မဲဟာ အရေးပါတယ်လို့ ဆိုနိုင်ကြောင်းနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သူတို့ကိုသာ မဲပေးရမယ်လို့ ဖိအားပေးနေကြောင်း ကိုကိုးကျွန်းတိုင်း ဒေသကြီးမဲဆန္ဒနယ် အမှတ် ၂ က ဝင်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဦးကိုကိုဝင်း က ဘီဘီစီကို ပြောပါတယ်။
ကိုကိုကျွန်းမှာ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ မှာ NLD အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီသစ် ပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း နယ်စပ် လုံခြုံရေးရာ ဝန်ကြီးဟောင်း အငြိမ်းစား ဗိုလ်မှူးကြီး တင်ဝင်းက အဲဒီ နယ်မြေကနေ တိုင်းဒေသကြီး ကိုယ်စားလှယ် ဝင်ရွေးမှာ ဖြစ်ပါတယ်။
တိုင်းဒေသကြီး နယ်မြေအမှတ် ၂ မှာတော့ NLD က ဦးကိုကိုဝင်းနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးက ဦးအောင်နိုင်တို့ နှစ်ဦးသာ ရှိပါတယ်။
ဦးကိုကိုဝင်းရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်တွေ ဖက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကိုကိုးကျွန်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာတော့ ရေတပ် ဦးစီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရသက်ဆွေက ဝင်ပြိုင်မှာဖြစ်ပါတယ်။
အခုဆိုရင် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ တရားဝင် မဲဆွယ်ခွင့် ရတာ ရက်ပေါင်း ၂၀ ကျော်ပြီ ဖြစ်ပေမယ့် NLD ကိုယ်စားလှယ်လောင်း တွေကတော့ ကိုကိုးကျွန်းကို သွားရောက်နိုင်ခြင်း မရှိသေးပါဘူး။
BBC Burmese
http://www.bbc.com/burmese
ကိုကိုးကျွန်းမှာ ဖိအားပေး မဲဆွယ်မှုတွေ ရှိတယ်လို့ဆို
Reviewed by THITHTOOLWIN
on
08:45
Rating: