ကချင်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းကို စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA |
ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ နိုင်ငံရေးပါတီတွေနဲ့ ဦးဇခုန်တိန့်ယိန်းတို့ မြစ်ကြီးနားမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ဆွေးနွေးကြတာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ ဦးဇခုန်တိန့်ယိန်းက ရွေးကောက်ပွဲ ဥပဒေအတိုင်း လိုက်နာမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းက ပြောပါတယ်။
"စည်းရုံးရေးနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်း ကျနော်တို့သွားမှာပါ၊ သူက ဥပဒေအတိုင်းလုပ်ပါလို့ပြောတယ်၊ ဥပဒေပါပြဌာန်းချက် ၁/၂ဝ၁၄ အတိုင်း လိုက်နာဆောင်ရွက်ပြီးတော့ ကျနော်တို့သွားဖို့ပဲ လိုတာပေါ့၊ ခွင့်ပြု မခွင့်ပြုတာမဟုတ်ဘူး၊ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ဖို့သူသဘောတူတယ် "
ဦးဇခုန်တိန့််ယိန်းက သူအုပ်ချုပ်တဲ့ ကချင်ပြည်နယ် အထူးဒေသ ၁ မှာ ဘယ်ပါတီမှ မဲမဆွယ်ရဘူးဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က အကြောင်းကြားစာတွေ ပေးပို့ခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေက အဲဒါဟာ ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ချိုးဖေါက်လိုက်တာဖြစ်တယ်လို့ ပြောကြပါတယ်။
ဒီကနေ့မှာတော့ ရွေးကောက်ပွဲကို အေးချမ်းတည်ငြိမ်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ပြဿနာမပေါ်အောင် လုပ်ဆောင်မှာဖြစ်တယ်လို့ ကချင်အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက အစည်းအဝေးအပြီး မှာ ပြောကြားခဲ့ပါတယ်။
"ရွေးကောက်ပွဲဆိုတာက ပြည်သူတွေရဲ့ မဲဆန္ဒတွေကို ရွေးကောက်နိုင်တဲ့ ဒီမိုကရေစီအခွင့်အရေး ကို ဖော်ဆောင်တာဖြစ်တယ်လေ၊ အေးအေးချမ်းချမ်းနဲ့ ဖော်ဆောင်နိုင်ဖို့ ကျနော်တို့ဝိုင်းလုပ်ရမှာပေါ့၊ ပြဿနာ မပေါ်အောင်ပေါ့၊ ဒေသတည်ငြိမ်အေးချမ်းရေးဆိုတာက တချို့အချိန်မှာ စစ်ရေးနဲ့ဆိုင်တာပေါ့လေ"
ကချင်အထူးဒေသ ၁ နယ်မြေအတွင်း နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးဖို့ ခွင့်ပြုမှာလား မပြုဘူးလား ဆိုတာကိုတော့ ဦးဇခုန်တိန့်ယိန်းက အတိအကျ ဖြေကြားခဲ့ခြင်းမရှိပါဘူး။
ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတချို့ကတော့ ကချင်အထူးဒေသ ၁ နယ်မြေအတွင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ပန်ဝါမြို့အခြေစိုက် ကချင်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းဟာ လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သလို လာမယ့်ရွေးကောက်ပွဲမှာလည်း ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် စတဲ့မြို့နယ်သုံးခုအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေအမှတ် ၅ မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရွေးကောက်ပွဲဥပဒေ လိုက်နာမယ်လို့ ဦးဇခုန်တိန့်ယိန်း ကတိပြုပြောကြား
Reviewed by THITHTOOLWIN
on
05:32
Rating: