ခြေ/ဥ ပြင်ရေး မပြင်ရေးကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ဘယ်သူတွေ ဘယ်လိုပဲ ပြင်ချင်သည်ဖြစ်ပစေ တပ်မတော်က မပြင်လိုတဲ့အတွက် အဆိုရှုံးနိမ့်သွားတယ်၊ ပြင်ဆင်ခွင့်မရနိုင်ဘူး ဆိုလို့ တပ်မတော်သားကိုယ်စားလှယ်တွေခမျာ ဝမ်းသာအားရ လက်ခုပ်လက်ဝါးတီးပြီး “ရိုက်လိုက်ပါဦး ရိုက်လိုက်ပါဦး” လုပ်တဲ့သူကလုပ်၊ “ကြေနပ်တယ် အားရတယ် ဝမ်းသာတယ် ပီတိဖြစ်တယ်” ဆိုပြီး ဖနောင့်သံစူး မြောက်ကြွမြောက်ကြွဖြစ်တဲ့သူကဖြစ်။ “ကိုင်း အခုတော့ နင်တို့အမေ သမ္မတ မဖြစ်နိုင်တော့ဘူး။ ဘယ့်နှယ်ရှိစ” ဆိုပြီး အောင်ပွဲကြီးတွေ ခံနေကြပါတယ်။ သနားဖို့ကောင်းတာတောင် ဘယ်လိုသနားရမှန်း မသိတော့ပါဘူး။
သူတို့မြင်တာ သည်ပုဒ်မတွေ ပြင်ခြင်း မပြင်ခြင်းဟာ ဒေါ်စုအတွက်၊ မင်းအောင်လှိုင်အတွက်၊ ဦးရွှေမန်းအတွက်၊ ဦးသိန်းစိန်အတွက် လို့ပဲ တွေးတတ်ကြတယ်။ တကယ်တော့ နောက် ဆယ်နှစ် အနှစ်နှစ်ဆယ်ဆိုရင် အဲသည်လူတွေ တစ်ယောက်မှ မရှိလောက်တော့ဘူး။ နိုင်ငံတစ်ခုရဲ့ အခြေခံဥပဒေဆိုတာက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ပြီး ခွင့်ပြုထားခြင်း တားဆီးထားခြင်း ရှိရတာ မဟုတ်။ ဘယ်နိုင်ငံသားတိုင်းမဆို အကျုံးဝင်ပြီး နိုင်ငံသားတိုင်းကို တန်းတူအခွင့်အရေးခံစားစေရမှာ။ ဥပဒေကို ဥပဒေလို မမြင်ပဲ လူတွေကို အာရုံထားနေတဲ့အတွက် သည်ဥပဒေဟာ ဘာအတွက်ကြောင့် ပြင်ဖို့လိုသလဲ သူတို့ဥာဏ်မမီဘူး ဖြစ်နေတယ်။
ကဲ။ အဲ့တော့ သားတို့ နားလည်အောင် ကလေးတန်းဆင်းပြီး သူငယ်တန်းဘာသာနဲ့ ရှင်းပြမယ်။ ကလေးတို့ရေ လာကြ လာကြ။ ကြားလိုက်အောင် နားစိုက်ထောင်ကြ။ ပထမဦးဆုံးအချက်ကတော့ သည်အခြေခံဥပဒေကို ပြင်ချင်ရင် ၇၅% အထက် ထောက်ခံမှုကိုရမှ ပြင်နိုင်မယ်တဲ့။ လွှတ်တော်မှာ လူတစ်ရာရှိရင် ၇၆ ယောက် သဘောတူမှ ပြင်လို့ရမယ် လို့ ပြောတာ။ ဒါပေမယ့် လွှတ်တော်ထဲမှာ အရေခွံချွတ်မထားတဲ့ တပ်မတော်သားက တစ်ရာမှာ ၂၅ ယောက်နှုန်း ဝင်ထိုင်နေကြတယ်။ ဆိုလိုတာက တပ်မတော်သား အနည်းဆုံး တစ်ယောက်က မထောက်ခံရင် မြန်မာတစ်ပြည်လုံး ကျန်တဲ့အရပ်သား သန်း ၅၀ မကျေနပ်ရင် လဲသေကြ။ ဘယ်လိုမှ ပြင်လို့မရနိုင်ဘူး ပေါ့နော်။ ဒီအထိ လက်ခံပြီလား။
အဲ့ဒီတော့ ပြင်ချင်သပဆိုရင် တပ်မတော်ကြီးကို အလိုတူအောင် မြှူဆွယ်ချေဦး လို့ အဓိပ္ပါယ်ထွက်တာပေါ့။ အမလေး ဘာခက်တာလိုက်လို့။ အနှစ် ၅၀ ကျော်အောင် ပေါင်းလာတာ။ တပ်ထဲကလူတွေ ဘာကြိုက်တုန်း သိလွန်လွန်းလို့။ စိန်လိုချင်ရင် စိန်ဖြစ်ရမယ်။ အိမ်လိုချင်ရင် အိမ်ဖြစ်ရမယ်။ ဇိမ်လိုချင်ရင် ဇိမ်ခန်းကြီးပါ စပွန်ဆာပေးပလိုက်မှာပေါ့။
တို့တပ်မတော်သားတွေကို သည်လို သွေးခွဲရင် မှားသွားမှာပေါ့ မောင်ရင်။ သူတို့ဟာ တစ်ကျိပ်ပဲ ရှိသည်ဖြစ်စေ၊ အစိတ်ပဲ ရှိသည်ဖြစ်စေ။ တစ်စိတ်တည်း တစ်ဝမ်းတည်း တစ်ကျိတ်တည်း တစ်ဥာဏ်တည်းမို့ အစိတ်သားမဲပေးဖို့လိုလာရင် “တိတ်နှိပ်သုံ တိတ်နှိပ်သုံ တိတ်နှိပ်သုံ တိတ်” လို့ တညီတညာတည်း အော်ပြီးတော့ကို တစ်မဲတည်းကို လူဦးရေနဲ့ မြှောက်ပြီး ပေးကြတယ်။ သူတို့ကို တစ်သွေးတစ်သံတစ်မိန့် နဲ့ ချုပ်ထားပြီးသား။ ဟိုတလောက ကာချုပ်ကြီးက “သူတို့သဘောနဲ့သူတို့ စဉ်းစားဆုံးဖြတ်ခွင့်ပေးထားပါတယ်” ဆိုလို့ ဟိုက “ဟတ်လား။ ဝမ်းသာပါတယ်။ ဒါဆို အိမ်အလည်လာကြပါဦး။ နိုင်ငံရေးအကြောင်း လုံးဝမပြောပါဘူး။ အလွတ်သဘော ထမင်းလေးဘာလေး လက်ဆုံစားရအောင်။” လို့ ကစ်ထည့်လိုက်သေးတာ မှတ်မိသေးလား။ အဲ့ကတည်းက သူတို့ခမျာ ပြုံးတောင် မပြရဲတော့ဘူး။ (ထမင်းစားဖိတ်လို့တောင် အိမ်လည်မလာရဲပါဘူးဆိုနေ။ လာခဲ့ရင် ရန်တွေ့မှာမို့လားနော့။)
တပ်က တပ်အထာနဲ့ မှန်သော်လည်းပဲ တပ်ကလူတွေ လွှတ်တော်ထဲလာထိုင်ပြီး စစ်ရေးပြလုပ်သလို မဲပေးတဲ့အခါ မမှန်တော့ဘူး။ ဒီမိုကရေစီဆိုတာ လူတစ်ဦးချင်း တစ်ဦးချင်းရဲ့ဆန္ဒကို အရှိအတိုင်း တင်ပြပြီး အများသဘောနဲ့ အဆုံးအဖြတ်ပေးတာ။ တပ်မတော်သားကိုယ်စားလှယ်များ အားလုံးရဲ့ ဆန္ဒမဲဟာ ကာချုပ်ကြီး တစ်ဦးတည်းရဲ့ ဆန္ဒကို ကိုယ်စားပြုတဲ့အတွက် အဲသည်မှာတင် ဒီမိုကရေစီရေခဲတုံးကြီး အငွေ့ပျံသွားပြီ။
ကာချုပ်ကြီးရဲ့ ဆန္ဒမဲဟာ လွှတ်တော်မှာ ဗီတိုအာဏာအဖြစ် ကိုင်စွဲထားတဲ့အတွက် လွှတ်တော်ကြီးကလည်း ဒီမိုကရေစီ အနှစ်သာရပျောက်သွားတယ်။ နောက်ဆုံးတော့ ရုပ်လုံးပေါ်လာတာက သူတို့တတွေ တဖွဖွ ကြွေးကြော်နေတဲ့ မြန်မာနည်းမြန်မာ့ဟန် ဒီမိုကရေစီဆိုတာကြီးဟာ ဒီမိုကရေစီအရေခြုံထားသော အာဏာရှင်စံနစ်ကြီးပါ ဆိုတာ ဘွားဘွားကြီး ပေါ်လာတယ်။ နိုင်ငံသားအများစုရဲ့ သဘောဆန္ဒအပေါ်မှာ လူတစ်ဦးတစ်ယောက်က အတင်းအဓမ္မချုပ်ကိုင်လွှမ်းမိုးထားရင် အဲ့ဒါ အာဏာရှင်စံနစ် မဟုတ်လို့ ဘယ်လိုခေါ်ချင်သေးသတုန်း ပြော။ သိသာသိစေ မမြင်စေနဲ့ဆိုတဲ့ အဲသည်အမှန်တရားကြီးဟာ အခုလို ပြတ်ပြတ်သားသား မဲခွဲပြလိုက်မှပဲ လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားကြီး ပေါ်လာတော့တယ်။ (ပေါ်ပလေ့စေအေ။ တို့က မရှက်တတ်ပေါင်။)
အရေးကြီးတာ နင်တို့ဘွားတော်ကြီး သမ္မတ မဖြစ်ပြီးရောဆိုပြီး ပွဲခံနေတဲ့သူတွေ ရင်ဆို့သွားအောင် ဆက်ဘေးတီးလိုက်ပါဦးမယ်။ “အခုအဆို ရှုံးသွားပေမယ့် ပြင်ဆင်ဖို့အဆို တင်သွင်းခဲ့ကြောင်း မှတ်တမ်းတင်ပေးပါ” လို့ ပြောတာကို ထကတော့မတတ် ပျော်နေတဲ့ မျက်နှာပေးကြီးနဲ့ “အိုခေ အိုခေ” လုပ်လိုက်ပါရောလား။ အဲ့ဒါ ခများတို့ကို သမိုင်းတင်လိုက်ပါပြီလို့ပြောတာ။ သဘောလည်း မပေါက်ဘူး။ အခုအချိန်မှာ ဘယ်လိုမှ ပြင်မပေးနိုင်ပါဘူးဆိုတဲ့ ၄၃၆ ကြီးဟာ နောင်ကျတော့ အဲသည် အပြိန်း အတုံးကြီးတွေ သေကုန်တဲ့အခါ ဘယ်အစိုးရပဲတက်တက် ပြင်ကို ပြင်ပေးရမယ့်အချက်ကြီး။ မပြင်ရင် သူလည်း အာဏာရှင်ခြေမန်းကွင်းကြီးအောက်မှာ ငုတ်တုတ်မေ့နေရမှာလေ။ ဒီအခါမှာ နောင်လာနောက်သားတွေဟာ ဒီလောက် အဓိပ္ပါယ်မရှိ လက်တွေ့မကျတဲ့ဟာကြီးကို ဘယ်သူတွေကများ အရှက်မရှိ ရေးဆွဲသွားပါလိမ့်ဆိုရင် ညောင်နှစ်ပင်က လက်ညှိုးထောင် ခေါင်းငြိမ့်တွေက တစ်တရားခံ။ အာဏာရပါတီရော အတိုက်အခံပါတီရော လက်တွေ့မကျလို့ ပြင်ဆင်ရန် အဆိုတင်သွင်းခဲ့ပေမယ့် ပုဂ္ဂိုလ်ရေးအာဃာတတွေရော၊ အာဏာရှင်ဟောင်းကို အကာအကွယ်ပေးလိုစိတ်နဲ့ရော အပြင်းအထန် ကန့်ကွက်သွားတာက လက်ရှိ ကာချုပ်ကြီးအမှူးပြုသော ရုပ်သေးကိုယ်စားလှယ်တော်များ ဖြစ်တယ်ဆိုတာ ဘယ်လိုမှ မငြင်းနိင်အောင် လက်ပူးလက်ကြပ် မိတော့တာကိုး။
ဖေဖေ့တပ်မတော်မို့ မောင်နှမတော်ပါတယ်လို့ ဘယ်လိုပင် အမျိုးစပ်သော်ငြား သူတို့ကတော့ ဦးစောခြေရာနင်းကြတာပါ မေမေ။ ဒါကိုမှ ရာဇဝင်ရိုင်းတယ် မခေါ်ရင် ဘယ်လိုခေါ်ကြမလဲ။
နေဝင်ရီတရော မှိုးမှိုးမှောင်မှောင် အချိန်ရောက်လာရင် နွားရိုင်းသွင်းချိန် လို့ ခေါ်သတဲ့။ အဲ့လိုအချိန်ဆိုရင် မကောင်းဆိုးဝါး တစ္ဆေမိစ္ဆာများ မြူးတူးလူးလာကြတယ်တဲ့။ အခုလည်း နိုင်ငံရေးဆည်းဆာချိန်ရောက်ပြီဆိုတော့ အာဏာအပမှီတဲ့သူတွေမှာ အငမ်းမရ အိနြေ္ဒမဆည်နိုင် ဖြစ်ကုန်ကြပြီလေ။ ရွှေတိဂုံဖျားကြီး ပြန်ပေးဆွဲသလိုလုပ် မဲဆွယ်တဲ့သူဆွယ်၊ မဘသတွေ ၉၆၉တွေနဲ့ တစ်အိမ်တက်ဆင်း မဲထည့်နည်းရှင်းပြမယ် ဆိုလိုဆို။ ဘယ်လိုနည်းနဲ့ပဲ အာဏာရရ အာဏာရသွားတဲ့အခါ လုပ်သမျှ တင့်တယ်လိမ့်မယ် လို့ ထင်တာကိုး။ မဲတွေခိုးပြီး ဝန်ကြီးတက်လုပ်နေတဲ့သူကလည်း ပြည်သူတွေကသာ မမေ့သေးတာ။ သူခိုးထားတဲ့မဲ သူကိုယ်တိုင် မေ့ပလိုက်လို့ မမှတ်မိတော့ဘူး။ ဘယ်တုန်းက ခိုးဖူးလို့လဲ။ မဟုတ်တာပြောရင် တရားစွဲမှာနော် လို့ ဖြစ်ကုန်ပြီ။ ဟုတ်တယ်လေ။ အပမှီတဲ့သူဆိုတာ သူ့ဘာသူ ဘာလုပ်လို့ လုပ်ခဲ့မှန်း မှတ်မိတာ ဟုတ်ဘူးရယ်။
စစ်တုရင် ကစားပွဲ ကစားဖူးသလား။ ကိုယ်တိုင် မကစားတတ်ပဲနဲ့ သူများ နောက်ကွယ်က ကြိုးဆွဲရာပဲ ကတတ်ရင် အရုပ်ကြိုးပြတ်ဖြစ်တဲ့တစ်နေ့ ပုံလျက်သားကလေး ဖြစ်ရုံအပြင် မရှိဘူး။ ပါးစပ်ကြီးနဲ့ ပြောရတာတော့ လွယ်သပေါ့လေ။ သမ္မတ မကလို့။ သမ္မတထက်ကြီးတာ တက်လုပ်ရလည်း ဖြစ်ပါတယ် ဘာတယ်။ လက်တွေ့ကျတော့ ဝန်ကြီးလေး တစ်ဌာနလုပ်တုန်းကတောင် သူသာကျိကျိတက်ချမ်းသာသွားတာ၊ သူ့လက်အောက်က စက်ရုံအလုပ်ရုံတွေ သည်နေရာမှာ ရပ်လိုက်ရင် ဘယ်လောက်ပေးမလဲ လွှတ်တော်ထဲတင်ယူရတယ်။ အခုဆို အခွံတောင် မကျန်ဘူး။ ရောင်းစား ငှားစားလို့ ကုန်ပေါ့။ သူ့လက်ထဲ သည်နိုင်ငံကြီး ယုံယုံကြည်ကြည် အပ်လိုက်ရမယ်ဆိုရင် စဉ်းစဉ်းစားစားလည်း ပြောပါကွယ်။
ဟိုဘွားတော်မှာ သူ့လက်ထဲ သူ့အသက်ကာကွယ်ဖို့ စစ်သားတစ်ယောက်တောင် မရှိဘူး။ ဒါပေမယ့် ရှိသမျှ စစ်အင်အားနဲ့ အသေအလဲတိုက်နေရတဲ့ ကိုးကန့်စစ်မီးဟာ ပီကင်းကို သူ့ခြေတစ်ဘက်ချလိုက်ရုံနဲ့ ဟုတ်ကနဲ ငြိမ်းသွားတယ်။ “တိုက်ဆိုင်လိုက်တာများကွာ။ ဖေဖော်ဝါရီလ ကိုးရက်” လို့ ဆိုကြတာနဲ့ ဖုန်ကျားရှင်ကြီးကတောင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အစိုးရ၏ မေတ္တာရပ်ခံချက်အရ..” လို့ အတိအလင်း သတင်းထုတ်ပြန်ရတယ်။ သူများတကာလို အခန်းဝ ငုတ်တုတ်ထိုင်စောင့်ရတဲ့အစား မဟုတ်ဘူး။ ကော်ဇောနီခင်းပြီး နိုင်ငံတော်အခမ်းအနားနဲ့ ကြိုရတဲ့သူ။
စစ်တပ်မှအပဖြစ်သော မြန်မာနိုင်ငံသားအားလုံးက တခဲနက်ထောက်ခံထားပြီး မြန်မာပြည်နဲ့ ဆက်ဆံသမျှ နိုင်ငံတကာအစိုးရတိုင်းက တလေးတစား အရေးထားရတဲ့ ခေါင်းဆောင်တစ်ယောက်၊ ဦးနှောက်သုံးပြီး အဆုံးအဖြတ်ပေးရမယ့် အခြင်းအရာတိုင်းမှာ ဘယ်သူနဲ့မှ ပြန်တိုင်ပင်စရာမလို၊ ဘယ်သူ့အမိန့်မှ ပြန်လည်နာခံစရာ မလိုပဲ တမဟုတ်ချင်း မှန်မှန်ကန်ကန် တုန့်ပြန်နိုင်စွမ်းရှိတဲ့သူ။ သူများက ဖြစ်စေဆိုမှ ဖြစ်လာရတာ မဟုတ်ဘူး။ သူ့အရည်အချင်းနဲ့သူ ဘယ်သူကမှ တားဆီးဆို့ပိတ် လို့ မရတာကြောင့် ဖြစ်လာတဲ့သူ။ အဲ့ဒါကြောင့် သူဟာ စစ်တပ်ကရော ဖွဲ့စည်းပုံအခြေခံဥပဒေကရော ဘယ်လိုပင် အသိအမှတ်မပြုစေသော်ငြား တစ်နိုင်ငံလုံးရဲ့ အမျိုးသားခေါင်းဆောင် ဖြစ်နေပြီးသား။ သမ္မတ ထပ်လုပ်ရင် တိုင်းပြည်အတွက်ပဲ အကျိုးရှိချင်ရှိမယ်။ သူ့အတွက်တော့ ချီးထုပ်ကြီး ခေါင်းပေါ်ရွက်ရမှာ။ ငါးတကာ ယိုသမျှချေး ပုဇွန်ဆိတ်ခေါင်းပေါ်စု ဆိုတာ ကြားဖူးတယ် မဟုတ်လား။
အဲသည် ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို နိုင်ငံသား ၉၂%က တခဲနက် ထောက်ခံထားပါတယ် ဆိုတာကြီးကို မျက်စိစှုံမှိတ်ပြီး အော်နေတာကိုက သူတို့ဥာဏ်တိမ်တာ တကမ္ဘာလုံးသိကုန်ပြီ။ သူတို့ကသာ မသိတာ။ ဖင်လှန် ခေါင်းမြီးခြုံပြီး ငါ့ဘယ်သူမှ မမြင်ဘူးလို့ ထင်နေတဲ့သူလိုပဲ။ ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ ဆန္ဒခံယူပွဲကို အဲ့သလောက် အပြတ်အသတ်ဖြစ်တယ်ဆိုတာ မရှိသေးဘူး။ တစ်ရာနား ကပ်လေလေ။ အာဏာရှင် ဆိုတဲ့ ရုပ်လုံးပေါ်လာလေလေပဲ။ ရှိပါတယ်။ အဲ့လိုနိုင်ငံတွေ။ ဇင်ဘာဘွေတို့၊ မြောက်ကိုရီးယားတို့။ တကယ်တမ်းကျတော့ အဲ့သည်ပွဲတုန်းက ကိုယ်ကိုယ်တိုင် ဘာတွေဘယ်လိုလုပ်ခဲ့တယ်ဆိုတာ အာဏာအပမှီနေတာနဲ့ မမှတ်မိတော့ဘူး။ မေ့ကုန်ပြီ။ ကိုယ်တွေကတော့ ဘယ်မေ့မလဲ။
တစ်ညလုံး ကျောင်းဆရာမတွေနဲ့ ငုတ်တုတ်ထိုင် ထောက်ခံမဲစာရင်းဖြည့်ခဲ့ကြရတာကိုး။ နောက်တစ်နေ့ကျတော့ အရပ်ဝတ်ထားသော စစ်သားတွေနောက်က တို့အရေး တို့အရေး နဲ့ အော်ပြီး လမ်းလျှောက်ထွက်ရတာ လောက်ကိုင်က တရုတ်တွေမှာ အထူးအဆန်းဖြစ်လို့။ “နီစောစမော နီစောစမော” နဲ့ လိုက်မေးကြတယ်။ နောက်ဆုံးတော့ အဲ့ဒါကြီးကို ယုံတဲ့သူဆိုတာ သူတို့ကလွဲရင် ဘယ်သူမှ မရှိတော့ဘူး။ သူများကိုလိမ်ရင်းကနေ ကိုယ့်ကိုယ်ကိုယ် လိမ်တာ ဖြစ်သွားတာလေ။ အခုကြည့်ပါလား။ တကယ့်ကို ဘုရားစူး မိုးကြိုးပစ်၊ ၉၈% ကြီးပါ လို့ ကျမ်းကျိမ်နေတုန်း။ (ပြိတ်သတ်ကြီး။ ယုံလား။ ယုံရင် ပျော့ပြဖို့ စိတ်ကူးပြီးသားကွယ်။)
စစ်အစိုးရဟာ ကိုယ်တို့တိုင်းပြည်ကြီးတစ်ခုလုံးကို သူ့စိတ်တိုင်းကျ လက်ခုပ်ထဲကရေလို သွန်လိုသွန် မှောက်လိုမှောက် အုပ်ချုပ်နိုင်တာဟာ သူ့မှာ လက်နက်ရှိလို့။ တို့က လက်နက်မရှိလို့ သူလုပ်သမျှခံရတာ လို့ ထင်နေတာ မှားပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အစက အဲ့သလိုပဲ ထင်ခဲ့တယ်။ မတတ်သာလို့ အားမတန် မာန်လျှော့ရတိုင်း “လုပ်ထားဦးပေါ့ရှင်။ ရှင်တို့က ရဲတွေကိုး။” လို့ အောင့်မေ့ခဲ့တယ်။ ဒါပေမယ့် အခု လွှတ်တော်ထဲ မဲခွဲပြီး ဘွားတော်ကြီး ကစားသွားတဲ့ အကွက်ကို မြင်ရတဲ့အခါ ကိုယ့်ခေါင်းထဲမှာ ဥာဏ်အလင်းပွင့်သွားသလို ပွင့်သွားတယ်။
တကယ်တော့ စစ်တပ်က ကိုယ်တို့ကို လက်နက်နဲ့ အုပ်ချုပ်နိုင်တာဟာ ကိုယ်တို့က သူတို့ထက် ဥာဏ်ရည်မသာလို့ အုပ်ချုပ်လို့ရတာ။ သူတို့ထက် ဥာဏ်ရည်သာရင် ကိုယ်တို့က ပြန်အုပ်ချုပ်လို့ရတယ်။ ဆင်မြင်းကျွဲနွား သားရဲတိရိစ္ဆာန်မှန်သမျှ လူကခိုင်းစားတာချည့်ခံရစမြဲပဲ။ မွေးကတည်းက ကိုယ်စွမ်းကိုယ်စ မရှိအောင် ဖိနှိပ်ထားတဲ့ နိုင်ငံအတွင်းမှာ ငါ့မိဘ ဘာမှ မဟုတ်ရင် ငါ ဘာမှ မဖြစ်နိုင်ဘူး ဆိုတဲ့အသိက အရိုးစွဲသလို စွဲနေလို့သာပါ။ လူမစွမ်းရင်သာ နတ်မဖို့လိုတာ။ လူစွမ်းကောင်းမှန်ရင် နတ်က ပြန်စောင့်ရှောက်ရသတဲ့။ အရပ်ဘက် လူ့အဖွဲ့အစည်းမှာ ဥာဏ်ရည်သာတဲ့ လူစွမ်းကောင်းများများပေါ်လာရင် ဟိုဘက်က သူများခိုင်းမှ ထိုင်ဆိုထိုင် ထဆိုထ လုပ်ရတဲ့သူတွေကို အပြန်အသတ် ကျော်တက်သွားမှာ။ ဘော်ဒါတို့။ မထိုင်းကြနဲ့။ မမှိုင်းကြနဲ့။ မျက်စိမမှိတ်နဲ့။ မျက်တောင် မခတ်နဲ့။ အဆင့်မြင့်သိုင်းကွက်တွေကို မြင်အောင်ကြည့်ပြီး အတုယူလိုက်ရအောင်။
တစ်ကမ္ဘာလုံးက လက်ဖျားခါရတဲ့ ဘွားတော်အနေနဲ့ သည်အဆိုကို လွှတ်တော်ထဲမဲခွဲရင် နိုင်မလား ရှုံးမလားဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။ ကိုယ်လို နလပိန်းတုံးကောင်တောင် နိုင်မှာ မဟုတ်မှန်း သိတယ်။ ပြောခဲ့ဖူးသားပဲ။ မဝေနိုင်လို့ လုထားပါတယ်ဆိုမှ ပြန်ပေးစရာလား။ သူလိုချင်တာ “သည်မှာ မတွေ့ဘူးလား။ ရှုံးတယ်” ဆိုတဲ့အဖြေပါ။ နောင်ကျ လွှတ်တော်အဆက်ဆက် သည်ဥပဒေကို သည်လို မပြင်ပဲထားသ၍ သည်လိုပဲ ပြည်သူ့ဆန္ဒသဘောထားတွေ မျက်ကွယ်ပြုခံရလိမ့်မယ် ဆိုတာကို အားလုံးသဘောပေါက်အောင် သက်သေပြသွားတာ။ ဘယ်လိုမှ မငြင်းနိုင်ဘူး။
သူတို့မှာသာ ဥာဏ်မမီလို့၊ အတ္တမောဟတွေ ဖုံးနေလို့ သဘောမပေါက်တာ။ ဝမ်းသာစရာကောင်းတာကတော့ အဲသည်အဖြေကို ကိုယ်တစ်ယောက်တည်း သဘောပေါက်လိုက်တာ မဟုတ်ဘူး။ ဖေ့စ်ဘုတ်ပေါ်မှာ အရေမရ အဖတ်မရ ကိုယ့်ထမင်းကိုယ်စားပြီး လမ်းသလားနေတဲ့လူငယ်တွေ တော်တော်များများ သဘောပေါက်ကြတယ်။ ကိုယ်ရေးတဲ့စာက သူတို့ရေးထားတာထက် အများကြီး နောက်ကျတာ။ သူတို့က ချက်ဆို နားခွက်က တောက်နှင့်ပြီးသား။ လွှတ်တော်ထဲ ဆယ်သိန်းယူ ထိုင်ငိုက်နေတဲ့ မီးကျိုးမောင်းပျက်တွေကသာ “နိုင်ပြီ။ ဖေကြီး။ သားတို့နိုင်ပြီ။” နဲ့ ကျောချလို့ ဓါးပြမှန်း မသိအောင် ပိန်းနေကြတာ။ ဖေ့စ်ဘုတ်ပေါ်ကလူတွေဖြင့် မအပေါင်။ သည်အိုင်ကျူနဲ့ သည်အိုင်ကျူ ဆက်ကစားရရင်ဖြင့် ရေရှည်မှာ ဘယ်သူက ဘယ်သူ့ကို အသာရမလဲ စိတ်ပူစရာ မရှိလှပါဘူး။
သူတို့ဘက်က ၂၀၁၅ လောက်ကို မျက်မွှေးတဆုံး အသည်းအသန် ကာကွယ်ခုခံနေချိန်မှာ ကိုယ်တို့ဘက်ကတော့ နောင်လာမယ့် လူငယ်မျိုးဆက်သစ်တွေကို ဟိုမှာကြည့်စမ်း။ မင်းတို့ အဲ့သလို မဖြစ်စေနဲ့ လို့ သွန်သင်လေ့ကျင့်ပေးထားရမယ်။ သူတို့လိုမျိုး အခွင့်အရေး မျှော်ကိုး၊ အရှင်မွေးမှ နေ့ချင်းကြီး၊ လူကြီးခိုင်းရင် ဘာပဲလုပ်ရလုပ်ရ၊ အမိန့်နာခံမှု အားနည်းမစိုးလို့ ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဥာဏ်ကို အညွန့်တုံးအောင်နှိမ်ထားရင် မြင်တဲ့အတိုင်းပဲ အရင်းလဲတိုင်း အဖျားတွေ ထင်းဖြစ်ဖြစ်ကုန်တာ တွေ့တယ် မဟုတ်လား။ ကိုယ့်မှာ ဦးနှောက်မရှိရင် ဦးနှောက်ရှိတဲ့သူက ကိုယ့်လာခိုင်းမှာ အသေအချာပဲ။ နောက်ကွယ်က ကြိုးကိုင်ခံထားရတဲ့ ရုပ်သေးအစိုးရနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်စွမ်းရှိတဲ့ အစစ်အမှန်အစိုးရ ဘယ်လိုတွေ ကွာသလဲဆိုတာ သက်သေပြချင်တဲ့အတွက် ကိုယ်တစ်ချိန်က ရေးခဲ့ဖူးတဲ့ “ဘာပဲပြောပြော ရာဇဝင်ရှိတယ်” စာအုပ်ထဲက တရုတ်ရာဇဝင်ကလေးကို ပြန်ထုတ်နှုတ်ပြပါ့မယ်။
ပထမမြောက်ဧကရာဇ်ကြီး နတ်ရွာစံတဲ့အခါ အရည်အချင်းမရှိတဲ့ သူ့သားအငယ်ကောင်ကို မိန်းမထိန်းလူလည်ကြီးက နောက်ကွယ်က ကြိုးကိုင်ပြီး ရှင်ဘုရင်အဖြစ် နန်းတင်ပေးပါတယ်။ သူကိုယ်တိုင် ဘာလို့ ဘုရင် မလုပ်သလဲဆိုတော့ ထီးရိုးနန်းရိုး မဟုတ်မှ မဟုတ်တာ။ အရည်အချင်းမရှိတဲ့သူကို အထွဋ်အထိပ်တင်ချင်ရင် အရင်ဆုံး လုပ်ရတဲ့အလုပ်က အရည်အချင်းရှိတဲ့သူတွေ အားလုံးကို ကောက်ကျစ် ယုတ်မာတဲ့နည်းနဲ့ သုတ်သင်ရှင်းလင်းပစ်ရပါတယ်။ ကြားနေသလိုလို၊ ကိုယ်နဲ့မဆိုင်သလိုလို နေတဲ့သူတွေကိုတော့ ကိုယ့်ဆူးညှောင့် ခလုတ်တွေကို ရက်ရက်စက်စက် နှိမ်နှင်းပြလိုက်ရင် အလိုလို ဦးကျိုးသွား တာပါပဲ။ နောက်ဆုံးတော့ အရည်အချင်း မရှိတဲ့သူဟာ ရှင်ဘုရင်ဖြစ် သွားလည်း တိုင်းပြည်အုပ်ချုပ်ဖို့တော့ မတတ်ပါဘူး။ စည်းစိမ်ခံစားဖို့၊ ပြည်သူ့ဘဏ္ဍာကို မကုန်ကုန်အောင်ဖြုန်းဖို့သာ တတ်ပါတယ်။
အဲ့ဒါကြောင့် တကယ့်အုပ်ချုပ်ရေးအာဏာကို သူ့အကျိုးကို လိုလားတဲ့ ကောက်ကျစ်ယုတ်မာသူကိုသာ လွှဲအပ်ထားပါတယ်။ ဒါပေမယ့် အာဏာဆိုတာ ကိုင်မိသူကို အယုတ်အလတ် အမြတ်မရွေး ယစ်မူးစေတယ် မဟုတ်လား။ အိမ်စောင့်အစိုးရ ပေးလုပ်လိုက်မိတာ တသံသရာလုံးမှောက်သွားမှန်း ဘဘကြီးဦးနုလောက် သိတဲ့သူ ဘယ်ရှိမလဲ။ (သူ့သမီး ဒေါ်သန်းသန်းနု ရှိသေးတယ်လေ။ မေးကြည့်ပါလား) အခုလည်း မိန်းမစိုးကြီးကို အာဏာအပ်မိတော့ ဟိုကသူ့လက်ထဲ အာဏာမြဲအောင် ဆင်ကြံကြံပါတော့တယ်။
အဲသည်လိုကြံဖို့ ပထမဦးဆုံး အားစမ်းတဲ့အလုပ်က အခုလိုပဲ လွှတ်တော်ထဲမှာ မဲခွဲတာနဲ့ စရတာပေါ့။ နန်းရင်ပြင်ထဲ သမင်တစ်ကောင်ခေါ်လာပြီး “မြင်းရိုင်းတစ်စီး ဆက်ပါရစေ။” လို့ လျှောက်တယ်။ သမင်ကြီး မြင်လျက်သားနဲ့ မြင်းလို့ ပြောတာဟာ ရယ်စရာမှတ်လို့ မိန်းမစိုးကြီးကို ငြင်းတဲ့အခါ ဟိုက သမင်လား မြင်းလား လွှတ်တော်မှာရောက်နေတဲ့အမတ်တွေကို မဲခွဲကြည့်ပါလားလို့ အကဲစမ်းပါသတဲ့။ ဒါပေမယ့် လွှတ်တော်ထဲက မူးမတ်တွေအကုန်လုံးက သမင်ကို မြင်လျက်နဲ့ပဲ မြင်းပါ လို့ ထွက်ဆိုသွားပါတယ်။ သည်အဖြေကို မြင်တဲ့အတွက် နိုင်ငံရဲ့အာဏာဟာ ရှင်ဘုရင်ဆီမှာလား မိန်းမစိုးဆီမှာလားဆိုတာ ပရိသတ်ဗိုလ်ပုံ အကုန်သဘောပေါက်သွားခဲ့တာပေါ့။ ငါတို့တိုင်းပြည်ကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်လောက်က တရုတ်ပြည်က ကျားကျားမီးယပ် ဇာတ်လမ်းဟောင်းကြီးကို အခုထက်ထိ တုကနေသေးတာ သိပ်အံ့သြဖို့ကောင်းတာပဲ။
သူတို့ထက် ပိုအ တာကတော့ “အဲ့ဒါ သမင် မဟုတ်ဘူး။ မြင်းလေ။ ဘယ်မှာပဲတွေ့တွေ့ မြင်းလို့ခေါ်ရမယ် မှတ်ထား” လို့ ငယ်ငယ်ကတည်းက အသင်ခံထားရတဲ့သူတွေပေါ့။ “မိမိ ဘဝရှေ့ရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် ယနေ့မှစ၍ သမင်ကိုမြင်စေကာမူ အမိန့််အရ မြင်း ဟု မှတ်ယူပါတော့အံ့။” လို့ သစ္စာ အဓိဋ္ဌာန် ပြုထားသူများ ဖြစ်ပါလိမ့်မယ်။ တစ်လ ဆယ်သိန်း ရနေမှတော့ သမင် မြင်းလုပ်စီးရတာ ဘာအပန်းကြီးတာလိုက်လို့။ အိမ်း ... သည်လူတွေကို ရန်လုပ်မနေပဲ သူတို့ကို “ဆင်လို့ခေါ်လိုက်စမ်း မြင်းလို့ခေါ်လိုက်စမ်း” အမိန့်ပေးနိုင်တဲ့သူ ဖြစ်အောင် ကြိုးစားကြရုံရှိတာပေါ့လေ။ သူတို့ကိုတော့ သည်အတိုင်းပဲ ထားတာ ကောင်းပါတယ်။ နို့မို့ အထွန့်တက်နေရင် ဘယ်လိုအုပ်ချုပ်မလဲနော့။ မြင်းလှည်းသမားများဟာ သူတို့မြင်းကို ဘာဖြစ်လို့ သားရေပြားအမည်းလေးနဲ့ ကာပေးထားသလဲ သိလား။ လိုချင်တဲ့ဆီကို ကြိမ်တို့လို့ မရမှာစိုးလို့ဗျ။ စစ်ရေးအမြင် အဲလေ ကာကွယ်ရေးအမြင်ရှိတဲ့သူဆိုတာ ကိုယ့်လက်အောက်က တပ်ကို ဘာမှ ပေးမသိတာ ကောင်းတယ်။
ဟိတ်ကောင်တွေ။ ဘီဘီစီ နားမထောင်နဲ့။ ဗီအိုအေ နားမထောင်နဲ့။ ငါတို့ ခွင့်ပြုထားတာမဟုတ်ပဲ ဖေ့စ်ဘုတ် မသုံးနဲ့။ မင်းတို့ဖတ်ချင် လုပ်သား ကြေးမုံ ဖတ်ကြ။ မင်းတို့ကြည့်ချင် မြဝတီလိုင်းတွေ ကြည့်ကြ။ မင်းတို့ရေးချင် စရဏတို့၊ အာရောဂျံတို့ထဲ ဝင်ရေးကြ။ အင်တာနက်သုံးချင် ရဲမိုးတို့ ရောင်နီဦးတို့ ရှိတယ်။ ကျုပ်ဆိုရင်တော့ အဲ့သလို ဆက်အုပ်ချုပ်ထားမှာပဲဗျား။ ကိုင်း တွေ့လား။ သံသရာကိုလည်လို့။
ငွေစန်းရောင်
|| သရော်စာဆောင်းပါး - ငွေစန်းရောင် ||
The Ladies News Journal ပါ သရော်စာဆောင်းပါး
https://www.facebook.com/News.TheLadies
မပြင်နိုင်ဘူး ထဆင်ထူး
Reviewed by သစ်ထူးလွင်
on
21:40
Rating: