ရွေးကောက်ပွဲဝင်ရောက်ရေး မဆုံးဖြတ်ရသေးကြောင်း NLD ပြော

NLDနဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ နိုင်ငံရေးပူးတွဲ ကြေညာချက်စာတမ်း သတင်းစာရှင်းလင်းပွဲကို မေလ ၂၇ ရက်နေ့က ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပနေစဉ်။ Photo: Kyaw Zaw Win/ RFA
၂၀၁၅ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်ရောက်ယှဉ်ပြိုင်မလား မယှဉ်ပြိုင်ဘူးလား ဆိုတာ ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာပြီးမှသာ ဆုံးဖြတ် သွားမှာ ဖြစ်ကြောင်း NLD ခေါင်းဆောင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ဒီနေ့ကျင်းပတဲ့ NLDနဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တို့ရဲ့ နိုင်ငံရေးပူးတွဲ ကြေညာချက်စာတမ်း သတင်းစာ ရှင်းလင်းပွဲမှာ NLD ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ ၀င် ဦးဝင်းထိန် က ပြောခဲ့တာပါ။

"ရွေးကောက်ပွဲကော်မရှင်က ဘယ်နေ့လုပ်ပါ့မယ်လို့ တရားဝင်မကြေညာသေးဘူး၊ အဲ့လိုကြေညာပြီဆိုရင် ကျနော်တို့ NLD အဖွဲ့အစည်းကတိုင်ပင်ပြီးတော့ မှ ရွေးကောက်ပွဲဝင်မယ်၊ မဝင်ဘူးဆိုတာ တရားဝင်ကြေညာ မယ်၊ အခုမပြောသေးဘူး"

၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ရွေးကောက်ပွဲဝင်မယ်၊ မ၀င်ဘူးဆိုတာကို ဖွဲ့စည်း ပုံပြင်ဖို့အတွက် အာမခံချက်ရှိလားဆိုတဲ့ အချက်၊ အဲဒီအချိန်မှာရှိတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ ရွေးကောက်ပွဲကို ဘယ်လိုစနစ်မျိုးနဲ့ ကျင်းပသွားမှာလဲဆိုတဲ့အချက်တွေအပေါ် မူတည်ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

NLD နဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ ပူးတွဲနိုင်ငံရေး ကြေညာစာတမ်းမှာ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည် တွင်းငြိမ်းချမ်းရေး၊ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲနဲ့ ရှေ့လုပ်ငန်းစဉ်တွေဆိုပြီး ခေါင်းစဉ် ၅ ခုနဲ့ ထုတ်ပြန်ခဲ့တာဖြစ် ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရွေးကောက်ပွဲဝင်ရောက်ရေး မဆုံးဖြတ်ရသေးကြောင်း NLD ပြော ရွေးကောက်ပွဲဝင်ရောက်ရေး မဆုံးဖြတ်ရသေးကြောင်း NLD ပြော Reviewed by သစ်ထူးလွင် on 04:45 Rating: 5
Powered by Blogger.