တစ်နှစ်အတွင်း နျူကလီးယားဗုံး တစ်လုံး ပိုင်ဆိုင်နိုင်မည်ဟု ISIS အဖွဲ့က ပြောကြား


ဒမတ်စကတ် ၊ ၂၇-၅-၂၀၁၅

ISIS စစ်သွေးကြွ အဖွဲ့အနေဖြင့် တစ်နှစ်အတွင်း နျူကလီးယားဗုံး တစ်လုံး ပိုင်ဆိုင်နိုင်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့၏ ဝါဒဖြန့်ချိရေး မဂ္ဂဇင်း Dabiq တွင် ဖော်ပြခဲ့သည် ဟု Sputnik သတင်း တစ်ရပ်အရ သိရသည်။

အလားတူ ISIS အဖွဲ့အနေဖြင့် ဘဏ်တွင် အမေရိကန် ဒေါ်လာ ဘီလီယံပေါင်း များစွာ အပ်နှံထားပြီး ဒေသတွင်းရှိ အကျင့်ပျက် ခြစားသော အစိုးရ တာဝန်ရှိသူများ နှင့်ချိတ်ဆက်၍ လက်နက် ကုန်သည်များ ထံမှ နျူကလီးယား ဗုံးအား ဝယ်ယူရန် ပါကစ္စတန်ရှိ အဖွဲ့ဝင် များထံ ပြောကြား ထားကြောင်း လည်း အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။

ISIS စစ်သွေးကြွှအဖွဲ့အနေဖြင့် ပါကစ္စတန် နိုင်ငံတွင် ဗုံးဝယ်ယူ ရရှိပါက အဆိုပါဗုံးအား လစ်ဗျားနှင့် နိုင်ဂျီးရီးယား နိုင်ငံတို့မှ တစ်ဆင့် အနောက်နိုင်ငံ များသို့ သယ်ယူ ပို့ဆောင်မည် ဖြစ်ကြောင်း  အဆိုပါမဂ္ဂဇင်း တွင် ဖော်ပြထားချက် အရ သိရသည်။

အလားတူ ဥရောပ ဒေသသို့ ဝင်ရောက်နေသည့် ကိုလံဘီယာ နိုင်ငံမှ မူးယစ်ဆေးဝါး တင်ပို့မှု များသည် အနောက် အာဖရိက ဒေသကို ဖြတ်သန်း၍ သွားလာလျက် ရှိကြောင်း၊ ထို့ကြောင့် အရှေ့နိုင်ငံ များမှ အနောက်နိုင်ငံ များသို့ သွားလာနေသည့် အခြားသော ပို့ဆောင်ရေး လမ်းကြောင်း များဖြင့် သယ်ယူပို့ဆောင် နိုင်ကြောင်းလည်း အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။

ISIS စစ်သွေးကြွ အဖွဲ့အနေဖြင့် ၂ဝ၁၄ ခုနှစ် နွေရာသီမှ စတင်၍ အီရတ်နှင့် ဆီးရီးယား နိုင်ငံတို့၌ အရေးသာမှု မြင့်တက် လာခဲ့သည့် အချိန်မှစ၍ ဒေသတွင်းရှိ စစ်သွေးကြွ များသည် ISIS အဖွဲ့နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။ လက်ရှိ အချိန်တွင် မြောက်အာဖရိက ဒေသ၊ ယီမင်၊ ပါကစ္စတန် နှင့် အာဖဂန် နစ္စတန်နိုင်ငံ တို့တွင် ISIS အဖွဲ့ဝင်များ လှုပ်ရှားလျက် ရှိနေကြောင်းနှင့် ပါကစ္စတန် စစ်သွေးကြွ အဖွဲ့ Tehreek-i-Taliban Pakistan (TTP) နှင့် ဆက်နွှယ်လျက် ရှိသော Jundallah စစ်သွေးကြွ အဖွဲ့သည် ISIS အဖွဲ့အား သစ္စာခံကြောင်း ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရှိရသည်။

PyiChitThar
http://www.pyichitthar.com
တစ်နှစ်အတွင်း နျူကလီးယားဗုံး တစ်လုံး ပိုင်ဆိုင်နိုင်မည်ဟု ISIS အဖွဲ့က ပြောကြား  တစ်နှစ်အတွင်း နျူကလီးယားဗုံး တစ်လုံး ပိုင်ဆိုင်နိုင်မည်ဟု ISIS အဖွဲ့က ပြောကြား Reviewed by သစ်ထူးလွင် on 17:31 Rating: 5
Powered by Blogger.