အာဖဂန်နစ္စတန်မှာ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတဦးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုနဲ့ ရဲတွေအပါအ၀င် အမျိုးသားတော်တော်များများကို တရားစွဲထားပြီး မေ ၂ ရက်နေ့က ခုံရုံးတင်ပါတယ်။
ဖာခန်ဒါဆိုတဲ့ အမျိုးသမီးက ကိုရမ်ကျမ်းကို မီးရှို့လို့ဆိုပြီး အမျိုးသားတွေက မတ်လ ၁၉ ရက်နေ့တုန်းက သေတဲ့အထိ ၀ိုင်းရိုက်ပြီး အလောင်းကိုပါ မီးရှို့ခဲ့ကြပါတယ်။
မြို့တော်ကဘူးက ဘုရားကျောင်းတခုနားမှာ ရဲတွေရဲ့ ရှေ့မှောက်မှာပဲ လူသတ် အလောင်းမီးရှို့မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဖြစ်အပျက်ကို မိုဘိုင်းဖုန်းနဲ့ ဗွီဒီယို မှတ်တမ်း တင်နိုင်ခဲ့ပြီး အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။
တရားခွင်မှာ အမျိုးသားတဦးက အဲဒီနေ့က လူအုပ်ကြီးက အမျိုးသမီးကို ၀ိုင်းရိုက်နေချိန်မှာ သူ့လည်း ကျောက်တုံးကောက်ပြီး အမျိုးသမီးရဲ့ခေါင်းကို ထုခဲ့မိတယ်၊ အခုတော့ နောင်တရပါပြီလို့ ထွက်ဆိုပါတယ်။ ဒါပေမယ့် နောက်တဦးကတော့ သူ့မှာ အပြစ်မရှိဘူးလို့ ထွက်ဆိုပါတယ်။
အခင်းဖြစ်တဲ့အချိန်မှာ သူဟာ ရပ်ကြည့်သူတယောက်ဖြစ်တာကြောင့် အပြစ်မရှိဘူးလို့ ဆိုပါတယ်။
နေ့ခင်းကြောင်တောင် အမျိုးသမီးတဦး သတ်ဖြတ်ခံရတဲ့ ကိစ္စကို ရှေးရိုးစွဲ မွတ်စလင်တိုင်းပြည်မှာ အမြင်နှစ်မျိုး ရှိပါတယ်။
တချို့က ဒါဟာ အစ္စလာမ်ဘာသာကို ကာကွယ်တာလို့ မြင်ပြီး တချို့ အမျိုးသမီးဟာ မတရားစွပ်စွဲခံရပြီး သက်သက်မဲ့ သတ်ဖြတ်ခံလိုက်ရတယ်ဆိုပြီး ဒေါသထွက်ကြပါတယ်။ မြို့တော် ကဘူးလ်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဒီလို ဆန္ဒပြပွဲတွေဟာ ၂၀၀၁ ခုနှစ်မှာ တာလီဘန်စနစ် နိဂုံးချုပ်ခဲ့ပြီးနောက်ပိုင်း အမျိုးသမီးတဦးကို ထောက်ခံတဲ့ ပထမဆုံး ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။
အာဖဂန်စ္စတန်မှာ တာလီဘန်တွေခေတ်က အမျိုးသမီးတွေကို အမျိုးသား အဖော်မပါဘဲ အိမ်အပြင် ထွက်ခွင့်မပြုပါဘူး။ ပညာသင်ကြားခွင့်လည်း ပိတ်ပင်ခဲ့ပြီး တကိုယ်လုံး ဖုံးလွှမ်းတဲ့ ၀တ်ရုံကိုလည်း အတင်းအကျပ်ဝတ်ဆင်ခိုင်းခဲ့ပါတယ်။
တာလီဘန်အလွန်ခေတ် အာဖဂန်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ အမျိုးသမီးအခွင့်အရေးတွေကို နေရာပေး ဖော်ပြခဲ့ပေမယ့် လူ့အဖွဲ့အစည်းရဲ့ ခံယူချက်တွေကတော့ ရှေးရိုးဆန်နေတုန်းပါပဲ။
အမျိုးသမီးတဦးကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ အရင်က မပေါ်ခဲ့ဖူးပေမယ့် အစ္စလာမ်ဘာသာကို စော်ကားတယ်ဆိုတဲ့ ကိစ္စတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကတော့ ပုံမှန်လိုလို ရှိနေတာပါ။
By ဒီဗွီဘီ
http://burmese.dvb.no
အာဖဂန် အမျိုးသမီးကို သတ်ဖြတ်မှုဖြင့် ရဲနှင့်အမျိုးသားများ ခုံရုံးတင်ခံရ
Reviewed by သစ်ထူးလွင်
on
22:22
Rating:
