အထက်မြန်မာနိုင်ငံ အလုပ် ရှင်တွေက တစ်ရက်အနည်းဆုံး လစာ ကျပ် ၄ဝဝဝ အထိပေးနိုင်

 ပလိပ်ချည်မျှင် အထည်စက်ရုံ အလုပ်သမား တစ်ထောင် နီးပါးဟာ ခွင့်ရက်နဲ့ လစာတိုးပေးဖို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ က မန္တလေးမြို့မှာ တောင်းဆိုဆန္ဒပြစဉ်။ Photo: Nay Thwae/RFA
စစ်ကိုင်း၊ မကွေး၊ မုံရွာ၊ မန္တလေးမြို့တွေက လုပ်ငန်း ရှင်တွေက  အနည်းဆုံးလုပ်ခအဖြစ် အလုပ်သမား တစ်ဦး ကို တစ်ရက် ကျပ် ၃၅ဝဝ ကနေ ကျပ် ၄ဝဝဝ ကြား  ပေးနိုင်တဲ့ အကြောင်း ဒီကနေ့ အာဏာပိုင် တွေ ဆီကို တင်ပြပြော ဆိုတယ်လို့  သိရပါတယ်။

အထက်မြန်မာပြည်က စီးပွားရေးလုပ်ငန်းရှင်တွေဟာ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး မှာ ဒီနေ့ တွေ့ဆုံရာမှာ တင်ပြကြတာဖြစ်တယ်လို့ အလုပ် ရှင် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။

"အလုပ်သမားကတော့ မနေ့ကတောင်းတာ ၄၀၀၀ တောင်းတယ်၊ ၅၀၀၀ တောင်းတယ်၊ ၆၀၀၀ တောင်းတယ်၊ သတ္တုတွင်းလုပ်ငန်းက ၈၀၀၀ တောင်းတယ်၊ မန္တလေးမှာရှိတဲ့အလုပ်ရှင် အများစုက ၃၅၀၀၊ ၄၀၀၀ ပေးနိုင်တဲ့ သဘောရှိတာတွေ့ရတယ်"

ပြီးခဲ့တဲ့ ဧပြီလကုန်လောက်က အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာနဟာ အောက်မြန်မာပြည်မှာ ရှိတဲ့ အလုပ်ရှင်၊ အလုပ်သမားတွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံပြီး အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး အတွက် နှစ်ဘက်သဘောထားတွေကို ရယူခဲ့ပါတယ်။

ရန်ကုန်မြို့က ဆွေးနွေးပွဲမှာ အလုပ်သမားတွေက တနေ့လုပ်အားခ ကျပ် ၄ဝဝဝ ကနေ ၅ဝဝဝ ကျပ်ကြားပေးဖို့ တင်ပြခဲ့ ကြပေမယ့် အလုပ်ရှင်တွေက ကျပ် ၁၅ဝဝ အထိသာ ပေးနိုင်ကြောင်း အစိုးရကို တင်ပြထားတာ ရှိပါတယ်။

ဒီလအတွင်းမှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေ တွေ့ဆုံပြီး အနည်းဆုံး လုပ်ခ လစာသတ်မှတ်နိုင်ဖို့ ဆွေးနွေးကြမယ် လို့လည်း သိရပါတယ်။ အဲဒီဆွေးနွေးပွဲကနေထွက်ပေါ်လာတဲ့ နှုန်းထားကို သတင်းစာမှာ ကြေညာသွားမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
အထက်မြန်မာနိုင်ငံ အလုပ် ရှင်တွေက တစ်ရက်အနည်းဆုံး လစာ ကျပ် ၄ဝဝဝ အထိပေးနိုင်  အထက်မြန်မာနိုင်ငံ အလုပ် ရှင်တွေက တစ်ရက်အနည်းဆုံး လစာ ကျပ် ၄ဝဝဝ အထိပေးနိုင် Reviewed by သစ်ထူးလွင် on 01:56 Rating: 5
Powered by Blogger.