စဥ့်ကူးမြို့နယ်တွင် လေပြင်းတိုက်ခတ်၊ မိုးသည်းထန်စွာရွာပြီး လူနေအိမ်ပေါ် သစ်ပင်ပြိုလဲ


 စဥ့်ကူး မေ ၉

 မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်တွင် မေ ၇ ရက်က လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ အဆိုပါ လေပြင်း တိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် စဥ့်ကူးမြို့နှင့် အနီးပတ်ဝန်းကျင်ဖြစ်သော သီလှရွာ၊ ကြို့ပင်၊ ရွာသစ်ဖျား၊ ချောင်းဝ စသည့်ကျေးရွာများတွင် သွပ်မိုးများလန်ခြင်း၊ ဒိုင်း၊ ထုပ်တန်း၊ လျှောက်တန်း များပြုတ်ထွက်ခြင်း၊ သစ်ပင်များပြိုလဲပြီး လူနေအိမ်ပေါ်သို့ ကျရောက်ခြင်း၊ အိမ်ခေါင်မိုးများ လန်ခြင်း ဖြစ်ပေါ်ခဲ့ကာ စဥ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာတို့တွင် လျှပ်စစ်တိုင်များနှင့် ဆက်သွယ်ရေးဖုန်းတိုင်များ ပြိုလဲပျက်ကျ ခြင်းတို့ကြောင့် လျှပ်စစ်မီးနှင့် ဖုန်းဆက်သွယ်မှုများ ပြတ်တောက်လျက်ရှိပြီး ကျွဲ၊ နွား၊ တိရစ္ဆာန်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

''အခုတိုက်ခတ်တဲ့လေက အတော်ပြင်းပါတယ်။ တစ်နာရီမိုင် ၆ဝ နဲ့ ၇ဝ ကြားလောက် တိုက်ခတ်သွားတယ်လို့ ထင်ပါတယ်။ လေပြင်းတယ်ဆိုတာသိတာနဲ့ အိမ်နောက်ခန်းထဲမှာ ပစ္စည်းများသိမ်းနေတဲ့ ကျွန်တော့်အမျိုးသမီးကို အိမ်ရှေ့ခန်းကို လာခဲ့ဖို့ခေါ်ပါတယ်။ ကံအားလျော်စွာ အိမ်ရှေ့ခန်းလည်းရောက်ရော အိမ်ပေါ်တည့်တည့် သစ်ပင်ကြီး ပြိုလဲကျတော့တာပဲ။ ကျွန်တော့်မိသားစု အိမ်ရှေ့ခန်းတံခါးပေါက်က တိုးထွက်နိုင်ခဲ့လို့ အသက်ဘေးမှ ကံကောင်း ထောက်မစွာလွတ်ခဲ့ပါတယ်''ဟု စဥ့်ကူးမြို့ရပ်ကွက်(၂)မှ သစ်ပင်ပြိုလဲအပိခံရသူ အိမ်ရှင်ကိုသိန်းဌေးက ပြောပြသည်။

စဥ့်ကူးမြို့နယ်အတွင်း မိုးနှင့်လေတိုက်ခတ်ခဲ့မှုများတွင် အင်အားအပြင်းဆုံး မိုးသက်လေပြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုနေကြပြီး အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ကျောက်မြောင်းမြို့တွင်လည်း ညောင်ကိုင်းပြတ်ကျရိုက်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဝင်းမောင်(စဥ့်ကူး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
စဥ့်ကူးမြို့နယ်တွင် လေပြင်းတိုက်ခတ်၊ မိုးသည်းထန်စွာရွာပြီး လူနေအိမ်ပေါ် သစ်ပင်ပြိုလဲ  စဥ့်ကူးမြို့နယ်တွင် လေပြင်းတိုက်ခတ်၊ မိုးသည်းထန်စွာရွာပြီး လူနေအိမ်ပေါ် သစ်ပင်ပြိုလဲ Reviewed by သစ်ထူးလွင် on 07:34 Rating: 5
Powered by Blogger.