သူခိုးထင်ပြီး ရိုက်နှက်ရာမှ ပေါက်တောတွင် လူတစ်ဦး သေဆုံး


ပေါက်တော၊ မေ ၅

ရခိုင်ပြည်နယ် ပေါက်တောမြို့ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ဦးတွင် ဒေသခံ တစ်ဦးအား သူခိုးထင်ပြီး ရိုက်နက်ရာမှ အရိုက်ခံရသူမှာ သေဆုံးသွားသည်ဟု သိရသည်။

သေဆုံးသွားသူမှာ ဦးအေးမောင်ချေ (၄၈) နှစ် ဖြစ်ပြီး ယင်းဖြစ်စဉ်မှာ မေလ တစ်ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ အခု ဦးအေးမောင်ချေကို ရိုက်တဲ့ ပေါက်တောမြို့ ချောင်းကူးတံတားကို တာဝန်ယူဆောက်လုပ်နေတဲ့  အေးငြိမ်း ကုမ္ပဏီမှ အလုပ်သမားတွေကို ဖမ်းဆီးထားပါတယ်။ စုစုပေါင်း လေးဦးဖြစ်ပါတယ်” ဟု ပေါက်တောမြို့ ရဲစခန်းမှူး ဒုရဲမှူး ဘစုက နိရဉ္စရာသို့ ပြောသည်။

ဦးအေးမောင်ချေသည် ဧပြီလ ၃၀ ရက်နေ့ညက အေးငြိမ်းဆောက်လုပ်ရေး ကုမ္ပဏီ၏ ပစ္စည်းထားရာနေရာ အနီးတွင် အိပ်ပျော်နေစဉ် ဆောက်လုပ်ရေးလုပ်သားများက သူခိုးထင်ပြီး ရိုက်နှက်ရာမှ လက်လွန် သေဆုံး သွားခြင်းဖြစ်ကြောင်း သိရသည်။

“ ဦးအေးမောင်ချေ ဦးခေါင်း ဒဏ်ရာနှင့်အတူ တံတားဆောက်လုပ်ရေးခေါင်းဆောင် ဦးယဉ်လှအောင်ဦးစီးပြီး ဦးနေမင်းစိုး၊ ဦးစောမောင်သိန်း၊ ဦးလှမောင်နှင့် ဦးငြိမ်းချမ်းမောင်တို့နှင့် အတူ မေလ ၁ ရက်နေ့ အာရုဏ် အတက် ၃ နာရီကျော်မှာ ပေါက်တောမြို့ရဲစခန်းသို့ သူခိုးဆိုပြီး လာပို့ပါတယ်။  ဦးအေးမောင်ချေမှာ ဒဏ်ရာက ပြင်းထန်တော့ မိမိတို့ အပြစ်ကျမှာ စိုးရိမ်တော့ ထိန်းသိမ်းထားရာကနေ  မြို့နယ် ဆေးရုံကို ပို့ပါတယ်။ ဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ် မေလ တစ်ရက်နေ့ နံနက် ၇ နာရီကျော်မှာ သေဆုံးသွားခဲ့ပါတယ်” ဟု ဒုရဲမှူးက ဆိုသည်။

ယခုအခါ ဦးနေမင်းစိုးနှင့် ဦးစောမောင်သိန်း၊ ဦးလှမောင် နှင့် ဦးငြိမ်းချမ်းမောင်တို့ကို ပေါက်တောရဲစခန်းတွင် ထိန်းသိမ်းထားပြီး အမှုအမှတ်  (ပ) ၈၀ /၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သိရသည်။

အဖမ်းခံရသူ လေးဦးအထဲမှ ဦးနေမင်းစိုးတစ်ဦးသာ လက်သီးဖြင့် ၂ ချက် ၃ ချက်ထိုးရာ သမ္ဗာန်ပေါ်သို့ လဲကျသွားသည်ဟု ထွက်ဆိုပြီး ကျန်သူများက ၄င်းတို့နှင့်မသက်ဆိုကြောင်း ငြင်းဆိုထားသည်ဟု သိရသည်။

ဆရာဝန်စစ်ဆေးချက်အရ ဦးအေးမောင်ချေတွင် မျက်နှာတွင် ဒဏ်ရာတစ်ချက်နှင့် ဦးခေါင်းနောက်စေ့တွင် ဒဏ်ရာတစ်ချက် တွေ့ရကြောင်း သိရသည်။

သေဆုံးသူ ဦးအေးမောင်ချေသည် ငွေလိုအပ်လျှင် ရင်းနှီးသူများထံမှ အကူအညီတောင်းခံတတ်သော်လည်း မည်သူ့ထံမှ မည်သည့်ပစ္စည်းကိုမျှ မခိုးဖူးကြောင်း ပေါက်တော ဒေသခံများက ပြောဆိုသည်။

အေးငြိမ်းကုမ္ပဏီသည် ပေါက်တောမြို့ ချောင်းကူးတံတားသစ် ဆောက်လုပ်ရေးအတွက် ယခင် တံတား အဟောင်းကို ဖြိုဖျက်ပြီး လုပ်ငန်းများစတင်လုပ်ဆောင်ခဲ့သည်မှာ တစ် လကျော်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

စံမောင်သန်း / နိရဉ္စရာ
http://www.narinjara.com/burmese
သူခိုးထင်ပြီး ရိုက်နှက်ရာမှ ပေါက်တောတွင် လူတစ်ဦး သေဆုံး  သူခိုးထင်ပြီး ရိုက်နှက်ရာမှ ပေါက်တောတွင် လူတစ်ဦး သေဆုံး Reviewed by သစ်ထူးလွင် on 11:07 Rating: 5
Powered by Blogger.