အင်းတကော် နှစ်လောင်ပြိုင် လူသတ်မှု ကျူးလွန်သူများ ဖမ်းမိ


 လူသတ်မှုကျူးလွန်ပြီး ပဲခူးမြို့နယ်၊ အင်းတကော်ကျေးရွာတွင် အလောင်း(၂)လောင်းစွန့်ပစ်ခဲ့သည့်အမှုမှ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီး အရေးယူထား

နေပြည်တော်၊ မေ ၁၄

၂ဝ၁၅ ခုနှစ်၊ မေလ ၅ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်ကျေးရွာ၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ Big Boss သောက်ရေသန့် စက်ရုံပိုင် လူမနေသည့် ခြံဝန်းအတွင်း၌ ကားတစ်စီးမှ လူသေအလောင်း(၂)လောင်းအားချထားခဲ့ကြောင်း သတင်းအရ အင်းတကော်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အသက်(၄၅/၅ဝ)နှစ်ခန့်ရှိ အမျိုးသား(၂)ဦးအား လက်ပြန်ကြိုးတုပ်လျက် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံး နေသည်ကိုတွေ့ရှိသောကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်အရေးယူနိုင်ရေး အင်းတကော် နယ်မြေရဲစခန်း(ပ)၅၈/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၂/၂ဝ၁ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ရာ သေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နေ ကိုညွန့်ဆွေနှင့် ကိုညွန့်ဝေ တို့ ညီအစ်ကို(၂)ဦးဖြစ်ကြောင်း သိရှိရသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် အင်းတကော်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်းစုံစမ်းခဲ့ရာ ထောက်ကြံ့တိုးဂိတ်တွင် တပ်ဆင်ထားသော CCTV မှတ်တမ်းများအရ အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့်ယာဉ်မှာ BB/xxxx TOYOTA CALDINA မီးခိုးရောင်ယာဉ်ဖြစ်ကြောင်း၊ သေဆုံးသူ ကိုညွန့်ဝေနှင့် နောက်ဆုံးဆက်သွယ် ခဲ့သူမှာ သာယာဝတီမြို့နယ်၊ ဥတိုရွာနေ ကျော်သူရ(ခ)ဖိုးခွား(ခ)ပီကျော်ဟန်(၃၂)နှစ်ဖြစ်ကြောင်း သိရှိရ သည်။ အမှုမှ မသင်္ကာတရားခံ ကျော်သူရနှင့်ဖုန်းဆက်သွယ်သူမှာ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ စက်မှုဇုန်ရှိ ပုဇွန်/ငါးပိ/ငံပြာရည်စက်ရုံမှ အလုပ်သမားဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ စက်ကြီးရွာနေ မျိုးသက်(ခ)ဆံရှည်(၃၆)နှစ်ဖြစ်ကြောင်း သိရှိရ၍ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မျိုးသက်အား ၇-၅-၂ဝ၁၅ ရက်နေ့ ၁၅ဝဝ အချိန်တွင်လည်းကောင်း၊ အခင်းဖြစ်ပွားစဉ်က အသုံးပြုခဲ့သည့် BB/xxxxx TOYOTA CALDINA မီးခိုးရောင်ယာဉ်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ကမာရွတ် ဘူတာ သက်သာဆိုင်ခန်းနေ ယာဉ်မောင်း သက်ဇော်ထွန်း(ခ)အငယ်လေး(ခ)ရာရှစ်(၃၁)နှစ်နှင့် မင်္ဂလာ တောင်ညွန့်မြို့နယ်နေ ဇေယျာ(ခ)ရီနွတ်(၂၃)နှစ်တို့ ၂ ဦးအား ၁၂-၅-၂ဝ၁၅ ရက်နေ့တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ကျော်သူရ၊ မျိုးသက်၊ ကျော်မင်းထွန်း၊ တင်သူအောင်၊ ရှိုင်းကိုကို၊ ကျော်ဇင်ဝင်း တို့မှ ၂ဝ၁၃ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ဂျပန်နိုင်ငံ၌ အလုပ်လုပ်ရန်အတွက် ''ဦးကျော်ကျော်နိုင် မိသားစု ကုမ္ပဏီ''သို့ တစ်ဦးလျှင် ငွေကျပ်(၁၁၅)သိန်းစီ၊ စုစုပေါင်းငွေကျပ်(၆၉ဝ)သိန်း ပေးအပ်ခဲ့ကြောင်း၊ သွားရမည့် ရက်ချိန်း(၃/၄)ခါပေးပြီး သွားခွင့်မရ၍ ဦးကျော်ကျော်နိုင်ထံသွားရောက်ပြီး ပေးထားသည့်ငွေများ ပြန်တောင်းစဉ် ကိုညွန့်ဝေမှ ဦးကျော်ကျော်နိုင် အတွက် အာမခံခဲ့ကြောင်း၊ ၎င်းနောက်(၁၅)ရက်ခန့် အကြာတွင် ဦးကျော်ကျော်နိုင်မှာ ထွက်ပြေးသွားသဖြင့် ကိုညွန့်ဝေအား တွေ့ဆုံမေးမြန်းရာ ကိုညွန့်ဝေမှ ၎င်းနှင့်မဆိုင်၍ ငွေများအား ပြန်လျော်မပေးနိုင်ကြောင်းပြောသောကြောင့် စမ်းချောင်းရဲစခန်း၌ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၄၂ဝ ဖြင့် ကိုညွန့်ဝေနှင့် ဦးကျော်ကျော်နိုင်တို့အား အမှုဖွင့်ခဲ့ကြောင်း၊ ၅-၅-၂ဝ၁၅ ရက်နေ့တွင် ကျော်သူရနှင့် သက်ဇော်ထွန်းတို့သည် သက်ဇော်ထွန်း အငှားမောင်းနှင်သည့် BB/xxxx TOYOTA CALDINA ယာဉ်ဖြင့် စမ်းချောင်းမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ သွားရောက်၍ ကိုညွန့်ဝေ၊ ကိုညွန့်ဆွေတို့နှင့် ချိန်းဆိုတွေ့ဆုံစည်းရုံးပြောဆိုကာ ကားပေါ်တင်ဆောင် ခေါ်ယူခဲ့ကြောင်း၊ ထို့နောက် ဇေယျာ၊ စောကျော်စွာ၊ မျိုးသက်နှင့် မော်တော်ကား(ခ)လွင်မောင်မောင် တို့အား ဝင်ခေါ်ကာ ထောက်ကြန့်တိုးဂိတ်မှတစ်ဆင့် ပဲခူးဘက်သို့ ယာဉ်အားမောင်းနှင်ခဲ့ကြောင်း၊ လမ်းတွင် ကိုညွန့်ဝေ အာမခံထားသည့်ငွေများကို ၎င်းတို့မှပြန်တောင်းရာ အဆင်မပြေသဖြင့် ဒေါသအလျောက် လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါအမှုမှ ပြစ်မှုကျူးလွန်သူများအနက် ကျော်သူရ(ခ)ဖိုးခွား(ခ)ပီကျော်ဟန်အား ဖမ်းဆီး ရမိရေး စုံစမ်းနေစဉ် ၁၃-၅-၂ဝ၁၅ ရက်နေ့ ၁၉၅၅ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့မရဲစခန်းသို့ ပြစ်မှုကျူးလွန်ကြောင်းပြောဆို၍ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့သဖြင့် အမှုဖြင့်ဖမ်းဆီးစစ်ဆေးလျက် ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသည့် စောကျော်စွာနှင့် မော်တော်ကား(ခ)လွင်မောင်မောင်တို့အား ဖမ်းဆီး ရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
အင်းတကော် နှစ်လောင်ပြိုင် လူသတ်မှု ကျူးလွန်သူများ ဖမ်းမိ  အင်းတကော် နှစ်လောင်ပြိုင် လူသတ်မှု ကျူးလွန်သူများ ဖမ်းမိ Reviewed by သစ်ထူးလွင် on 20:31 Rating: 5
Powered by Blogger.