ခေတ်စနစ်အပြောင်းလဲမှုအတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ခွန်ထွန်းဦးတိုက်တွန်း

ဓါတ်ပုံ- ၁၉၉၀ ရွေးကောက်ပွဲ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသော ခွန်ထွန်းဦး
မေလ ၂၇ ရက် ၂၀၁၅

လက်ရှိခေတ်စနစ်အတိုင်းသာ ဆက်သွားမည်ဆိုပါက နိုင်ငံရေးအင်အားစုများအပါအ၀င် အားလုံးသည် နောင်လာနောက်သားများအတွက် တာဝန်မဲ့လွန်းရာကျနေသဖြင့် အခြေခံ ဥပဒေပြင်ဆင်ရေးအပါအ၀င် ခေတ်စနစ်ပြောင်းလဲနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးစားကြရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ဥက္ကဌ ခွန်ထွန်းဦးက တိုက်တွန်းပြောဆိုသည်။

ရန်ကုန်မြို့ ယုဒဿန်ခန်းမတွင် မေလ ၂၇ ရက် ယနေ့ကျင်းပသော ၁၉၉၀ ရွေးကောက်ပွဲ၏ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနား မိန့်ခွန်းပြောရာတွင် ခွန်ထွန်းဦးက တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

'လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျနော်တို့ဟာ တာဝန်မဲ့ရာကျနေပါ့ မယ်။ ဒီစနစ်ကြီးကို နောင်လာနောက်သားတွေအတွက်မသယ်သွားစေချင်တော့ပါဘူး။ ဖြစ်နိုင်ရင် ကျနော်တို့ အတတ်နိုင်ဆုံး အားစိုက်ပြီးတော့ ၀ိုင်းဝန်းလုပ်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်။ ' ဟု ခွန်ထွန်းဦးက တိုက်တွန်းပြောဆိုသည်။

လက်ရှိအခြေနေအရ အစိုးရသက်တမ်းတရပ် နှင့် လွှတ်တော်သက်တမ်းတရပ် ကုန်ဆုံးလာခါနီးအချိန်တွင် ကတိက၀တ်များမှာ မကြာခဏကြားနေရသော်လည်း ကတိမတည်မှုများစွာ ရှိနေသဖြင့် အားလုံး စုစည်းညီညွတ်ကြရန်လိုအပ်ကြောင်းလည်း ခွန်ထွန်းဦးက ပြောဆိုသည်။

အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက်အားလုံးစုပေါင်းဆောင်ရွက်ကြရမည် ဆိုရာတွင် နိုင်ငံရေးအင်အားစုများ သာမက လူထု လူတန်းစားအားလုံးကပါ ပါဝင်ကြရန်လိုအပ်ကြောင်း သျှမ်းတိုင်းရင်းသား ခေါင်းဆောင်က ပြောဆိုသည်။

'ဖြစ်စဉ်တွေအားလုံးမှာ ဥပမာ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာကလည်း လူထုကလည်းရ ချင်တယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေက အရချင်ဆုံးပါပဲ။ ဒါပေမဲ့ တော်တော်လေးကို ကြိုးစားရမဲ့ ကိစ္စတွေပါ။ကျနော်တို့လို နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးအဖွဲ့စည်းတွေလောက်က လုပ်နေရုံနဲ့မရပါဘူး။ လူထု လူတန်းစားအားလုံးက လုပ်ဆောင်ပေးမှသာလျှင် ဒီပန်းတိုင်က အမြန်ဆုံးရောက်မှာပါ' ဟု ဦးခွန်ထွန်းဦးက ပြောသည်။

ရန်ကုန်မြို့တွင် ကျင်းပသည့် ယင်းအခမ်းအနားမှာ ၁၉၉၀ ရွေးကောက်ပွဲကာလက အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များမှ စုပေါင်းကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး သက်ရှိထင်ရှားရှိနေဆဲဖြစ်သော လွှတ်တော်အမတ်ဟောင်းများ ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့မှ တာဝန်ရှိသူများနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ၊ဆရာတော် သံဃာတော်များတက်ရောက်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲ ၂၅ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ကျင်းပသော်လည်း ယင်းအခမ်းအနားသို့ ယခုလက်ရှိအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD တွင် တာဝန်ထမ်းဆောင်နေသူများနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ တာဝန်ရှိသူများ တက်ရောက်ခြင်း မရှိခဲ့ပေ။

သျှမ်းသံတော်ဆင့်၊ စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese

ခေတ်စနစ်အပြောင်းလဲမှုအတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ခွန်ထွန်းဦးတိုက်တွန်း  ခေတ်စနစ်အပြောင်းလဲမှုအတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ခွန်ထွန်းဦးတိုက်တွန်း Reviewed by သစ်ထူးလွင် on 04:51 Rating: 5
Powered by Blogger.