စစ်တပ်သတင်း ထုတ်ပြန်ရေး အဖွဲ့က မီဒီယာတွေမှာ ကိုးကန့်တပ်ဖွဲ့ သတင်းမထုတ်ဖို့ သတိပေးလိုက်ပြီး ထုတ်ပြန်ရင် အရေးယူမယ်လို့ အကြောင်းကြားစာ ထုတ်လိုက်ပါတယ်။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ မေလ ၃ ရက် ရက်စွဲနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) ထံ အကြောင်းကြားစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
စာထဲမှာ ၀ဒေသက ပန်ဆန်းစည်းဝေးပွဲတက်နေတဲ့ ကိုးကန့်သောင်းကျန်းသူအဖွဲ့ဟာ အစိုးရက မတရားအသင်းကြေညာထားတဲ့ အဖွဲ့ဖြစ်လို့ အဲ့ဒီစည်းဝေးပွဲတက်နေတဲ့ ကိုးကန့်အဖွဲ့ရဲ့ ကြေညာချက်တွေကို ရုပ်သံနဲ့ပုံနှိပ်မီဒီယာတွေမှာ သတင်းမထုတ်ဖို့၊ ထုတ်ရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။
ဘယ်ပုဒ်မတွေတပ်ပြီး အရေးယူမယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြထားခြင်းမရှိဘဲ ကိုးကန့်တပ်ဖွဲ့နဲ့ ပတ်သက်လို့ သတင်းမထုတ်ဖို့ ပထမဆုံးအကြိမ် မီဒီယာတွေကို သတိပေးလိုက်တာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ အခု သတိပေးချက်နဲ့ ပတ်သက်လို့ စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေးက ဒီအကြောင်းကြားစာကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေပြီး သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်လိုတဲ့ သဘောလို့ သုံးသပ်ပြောပါတယ်။
“မတရားအသင်းကြေညာထားတဲ့ အဖွဲ့တွေအကြောင်း ရေးရင် ၁၇(၁)နဲ့ အရေးယူလို့ရတယ်လို့ ကြိုတင် သတိပေးခဲ့တာ ရှိတယ်။ သို့သော် ဘယ်အဖွဲ့တွေအကြောင်း ရေးရင် အရေးယူခံရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့ရဘူး။ ဘယ်အဖွဲ့တွေက မတရားအသင်း ကြေညာထားတယ်၊ ဘယ်အဖွဲ့တွေကတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတယ်ဆိုတာ တိတိကျကျသိရရင် သတင်းတွေအပေါ်မှာ အန္တရာယ်ကင်းကင်း လုပ်ဆောင်နိုင်မှာဖြစ်တယ်။ အခုက နည်းနည်း ရှုပ်ထွေးပြီးတော့ သတင်းလွတ်လပ်ခွင့်ကို ပြန်လည်ထိန်းချုပ်လိုတဲ့ အနေအထားတရပ်ကို ကြုံတွေ့နေရတယ်လို့ ယူဆပါတယ်။”
စာရေးဆရာအယ်ဒီတာ မျိုးမြင့်ငြိမ်းကလည်း စစ်တပ်နဲ့သက်ဆိုင်တဲ့ သတင်းထုတ်ပြန်တဲ့အခါမျိုး တပ်ဘက်က ပူးပေါင်းလုပ်ဆောင်မှု အားနည်းတာကို ထောက်ပြပါတယ်။
“စစ်တပ်ဘက်က အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုမျိုး ရဖို့လိုတယ်။ ဦးနေ၀င်းခေတ်ကို ကျနော်ပြန်ပြောချင်တယ်။ သူ့ခေတ်က သတင်းသမားကို ရှေ့တန်းစစ်မျက်နှာ ခေါ်သွားပြီး သတင်းရေးခိုင်းတာဗျ။ နာမည်ကြီးသတင်းစာဆရာကြီးတွေဖြစ်တဲ့ ဦးစိန်ဝင်းတို့၊ ဦးဝင်းတင်တို့ ပုဂ္ဂိုလ်မျိုးတွေ လိုက်ပါကြည့်ရှုပြီး သတင်းရယူခဲ့ကြတာ ရှိတယ်။ ကျနော်တို့မှာ အဲ့ဒီ အခွင့်အရေး မရှိဘူး။”
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုးကန့်တိုက်ပွဲနဲ့ပတ်သက်လို့ ဖေ့စ်ဘွတ်လူမှုရေးစာမျက်နှာကို ကိုးကားပြီး သတင်းထုတ်ပြန်ခဲ့တဲ့ အဲလဗင်းသတင်းစာကို စစ်တပ်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ဆိုတာက သတိပေးခဲ့ဖူးပြီး ခုတခါ မီဒီယာအားလုံးကို စာနဲ့ သတိပေးလိုက်တာ ဖြစ်ပါတယ်။
By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no
ကိုးကန့်တပ်ဖွဲ့သတင်းမထုတ်ရန် စစ်တပ် သတိပေး
Reviewed by သစ်ထူးလွင်
on
22:20
Rating:
