ရွှေစံကားအထည်ချုပ်စက်ရုံမှာ လုပ်သား ၅၀၀ ခန့် ဆန္ဒပြ


 ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် ၂မှာရှိတဲ့ ရွှေစံကား အထည်ချုပ်စက်ရုံက အလုပ်သမားတွေ ကို သံလျင်မြို့နယ်၊ သီလ၀ါစက်မှုဇုန်က ရွှေစံကားစက်ရုံမှာ ပြောင်းရွှေ့လုပ်ကိုင်ဖို့ စက်ရုံပိုင်ရှင်က ကြေညာ ထားတဲ့အပေါ် အလုပ်သမား ၅၀၀ လောက်က ကန့်ကွက်ကြောင်း စက်ရုံရှေ့မှာ ဒီနေ့ဆန္ဒပြခဲ့ကြပါတယ်။

သီလ၀ါစက်မှုဇုန်အထိ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ဝေးလွန်းတာကြောင့် မပြောင်းချင်တာဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမား မမင်းမင်းစိုးက ပြောပါတယ်။

"ဒီမှာမိသားစုရော၊ ကလေးကျောင်းတွေရော၊ ယောက်ျားတွေရဲ့ အလုပ်တွေပါ အခြေချထိုင်ထားတာ ဆိုတော့လေ ဝေးလည်းဝေးတယ်ဆိုတော့ မလိုက်ချင်တော့ဘူး၊ ကျမတို့ကို မနက် ၆ နာရီ ဖယ်ရီနောက်ကျလို့ မလိုက်နိုင်ဘူးဆိုရင် ကျမတို့ကို သုံးသောင်း ရက်ဖြတ်တော့မှာ၊ နည်းနည်းဝေးတာမဟုတ်ဘူး၊ အဲ့နားမှာလိုင်း ကားလည်းမရှိဘူး၊ ဖယ်ရီပဲအကြိုအပို့လုပ်ပေးမှာ၊ ထမင်းထွက်စားချင်ရင်လည်း ဆိုင်တွေမရှိဘူး"

အဲဒီအလုပ်သမားတွေဟာ အလုပ်ရှင်ကိုယ်စားလှယ်တွေ အလုပ်သမားဖြန်ဖြေရေးရုံး တာဝန်ရှိသူတွေနဲ့ သုံးရက်ကြာ ညိနှိုင်းခဲ့ပေမယ့် အဆင်မပြေတဲ့အတွက် အခုလို ဆန္ဒပြကြတာဖြစ်တယ်လို့ သိရပါတယ်။

ရွှေစံကားစက်ရုံမှာ အလုပ်သမားတစ်ဦးဟာ အခြေခံလစာတစ်လကို ကျပ် ၁၈၀၀၀ ကနေ ၄၅၀၀၀ အထိ ရရှိကြပြီး တခြားခံစားခွင့်တွေပါ ထည့်တွက်မယ်ဆိုရင်တစ်လကို ကျပ် ၁၅၀၀၀၀ လောက်အထိ ရရှိကြပါတယ်။

သီလ၀ါစက်မှုဇုန်မှာရှိတဲ့ စက်ရုံထံ မပြောင်းရွှေ့လိုတဲ့ အလုပ်သမားတွေအနေနဲ့ လက်ရှိစက်ရုံမှာပဲ လုပ်ကိုင်မယ်ဆိုရင် တခြားခံစားခွင့်တွေမပေးဘဲ အခြေခံလစာသာ ပေးနိုင်မှာဖြစ်ကြောင်းလည်း အလုပ်ရှင်က ပြောထားတယ်လို့ သိရပါတယ်။

 RFA Burmese
http://www.rfa.org/burmese
ရွှေစံကားအထည်ချုပ်စက်ရုံမှာ လုပ်သား ၅၀၀ ခန့် ဆန္ဒပြ  ရွှေစံကားအထည်ချုပ်စက်ရုံမှာ လုပ်သား ၅၀၀ ခန့် ဆန္ဒပြ Reviewed by သစ်ထူးလွင် on 04:53 Rating: 5
Powered by Blogger.