ကားဗုံးခွဲတိုက်ခိုက်မှုတွင် သံသယရှိသူ အစ္စလာမ္မစ် တက်ကြွ လှုပ်ရှားသူ ၁၀ ဦးကို ထိုင်းစစ်ဘက်ထိန်းသိမ်း


ဗန်ကောက် ၊ ၇-၄-၂၀၁၅

ကားဗုံးခွဲ တိုက်ခိုက်ခံရမှုနှင့် ဆက်စပ်၍ စစ်အုပ်ချုပ်ရေး အမိန့်အရ ဧပြီ ၂ ရက်တွင် ထိုင်းတောင်ပိုင်း၌ ဖမ်းဆီးထိန်းသိမ်း ခဲ့သော သံသယရှိသူ ၂၂ ဦးအနက် အစ္စလာမ်မစ် တက်ကြွ လှုပ်ရှားသူ ၁ဝ ဦးကို ဆက်လက် ထိန်းသိမ်းခဲ့ကြောင်း ထိုင်း စစ်ဘက်က ဧပြီ ၅ ရက်တွင် ထုတ်ဖော် ပြောကြားသည်။

ထိုင်းစစ်ဘက် အနေဖြင့် နိုင်ငံတောင်ပိုင်း နာရာသီဝပ် ပြည်နယ်ရှိ ကျောင်းသား အဆောင်များအား ဧပြီ ၂ ရက်တွင် စီးနင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တက်ကြွ လှုပ်ရှားသူ များကို ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီးနင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့က ပြစ်တင် ရှုတ်ချခဲ့ပြီး စစ်ဆေး မေးမြန်းမှု မရှိဘဲ ဖမ်းဆီး ထိန်းသိမ်းမှု များကို အဆုံးသတ်ရန် နှင့် ပြစ်မှု ကျူးလွန်သည့် အထောက်အထား မရှိပါက ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုလျက် ရှိကြောင်း သိရသည်။

လူ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ဖေဖော်ဝါရီ ၂ဝ ရက်က ဖြစ်ပွားခဲ့သည့် ကားဗုံးခွဲ တိုက်ခိုက်မှုနှင့် ဆက်စပ်မှု မရှိဟု ဖမ်းဆီး ထိန်းသိမ်း ခံရသူများ အနက် လေးဦးက ငြင်းဆို ထားကြောင်း ထိုင်းစစ်ဘက် ပြည်တွင်း လုံခြုံရေး စစ်ဆင်ရေးများ ဆိုင်ရာ ကွပ်ကဲမှု ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ပရာမုတ်ပရွမ်မင် က ဧပြီ ၅ ရက်တွင် ထုတ်ဖော် ပြောကြားသည်။

ဖမ်းဆီး ထိန်းသိမ်းခံ ရသူများအား စစ်အခြေစိုက် စခန်း သုံးခုတွင် သီးခြားစီ ထိန်းသိမ်း ထားရှိကြောင်းနှင့် လှုပ်ရှားသူ များအား ဖမ်းဆီး ထိန်းသိမ်းရန် ထိုင်းစစ်ဘက် အနေဖြင့် စစ်အုပ်ချုပ်ရေး အမိန့်ကို အသုံးပြု ခဲ့သည်ဆိုသည့် အချက်ကိုလည်း ပရာမုတ် က ကာကွယ် ပြောကြား ခဲ့ကြောင်း သိရသည်။

မိမိတို့အနေဖြင့် ပြစ်မှု ကျူးလွန်သူ များကို ရှာဖွေ ဖမ်းဆီးရန် အတွက် ဥပဒေကို အသုံးပြု ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဖမ်းဆီး ထိန်းသိမ်းခံ ရသူများသည် ကျောင်းသား ဟောင်းများ ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

ထိုင်းနိုင်ငံ တောင်ပိုင်း နာရာသီဝပ် နှင့် အိမ်နီးချင်း ပြည်နယ်များ ဖြစ်သော ပတ္တနီနှင့် ရာလာပြည်နယ် တို့တွင် ၂ဝဝ၄ ခုနှစ် ကတည်းက စတင်၍ စစ်အုပ်ချုပ်ရေး အမိန့် ပြဋ္ဌာန်း ထားရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ကားဗုံးခွဲတိုက်ခိုက်မှုတွင် သံသယရှိသူ အစ္စလာမ္မစ် တက်ကြွ လှုပ်ရှားသူ ၁၀ ဦးကို ထိုင်းစစ်ဘက်ထိန်းသိမ်း  ကားဗုံးခွဲတိုက်ခိုက်မှုတွင် သံသယရှိသူ အစ္စလာမ္မစ် တက်ကြွ လှုပ်ရှားသူ ၁၀ ဦးကို ထိုင်းစစ်ဘက်ထိန်းသိမ်း Reviewed by သစ်ထူးလွင် on 18:10 Rating: 5
Powered by Blogger.