မြန်မာက အမေရိကန်ကို အလဲထိုး


ရန်ကုန် ဧပြီ ၁၁

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာမီဒီယာဂရု(ပ်)က စီစဉ်ကျင်းပသည့် မြန်မာ-အမေရိကန် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဧပြီ ၁၁ရက် မွန်းလွဲ ၂ နာရီတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ မကျေပွဲ ပြန်လည်ထိုးသတ်ခဲ့ရာ မြန်မာပြည်လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်း(မုဒုံသား)က ဆိုင်းရပ်စ်(အမေရိကန်)ကို အလဲထိုး၍ ရှုံးကြွေးပြန်လည်ဆပ်နိုင်ခဲ့သည်။

ထွန်းထွန်းမင်းနှင့်ဆိုင်းရပ်စ်တို့တွဲဆိုင်းပွဲထွက်လာသည်နှင့် ပရိသတ်က ထိုင်ရာမှထကာ အားပေးကြသဖြင့် ကြိုးဝိုင်းဘေးအထူးတန်းထိ ထိုင်ကြည့် ၍မရအောင် ပြည့်ကျပ်နေသည်။

ပထမအချီစတင်သည်နှင့် ထွန်းထွန်းမင်းက တိုက်စစ်ဆင်သည်။ အနိုင်ရလိုသည့်ဇောကပ်နေသဖြင့် ထင်တိုင်းမပေါက် နှစ်ကြိမ်တိုင် ထိုင်လျက်ကျနေသည်။ သို့သော် ပရိသတ်အားပေးသံနှင့်အတူ သတိထား၍ တရစပ်ဖွင့် တိုက်လာသဖြင့် ပထမအချီမှာပင် ဆိုင်းရပ်စ် နဖူးမှသွေးဖြာကျလာသည်။ တစ်ခါက ပတ်ခြေဖြင့် အောင်ပွဲခံခဲ့သည့် ဆိုင်းရပ်စ် ပတ်ခြေကိုအားကိုးကာ ကန်သည်။ သို့သော် ထွန်းထွန်းမင်း ပတ်ခြေကန်ချက်ကို အလစ် မပေးဘဲ ကာကွယ်နိုင်ခဲ့သော်လည်း ဆိုင်းရပ်စ်ပတ်တံတောင် နဖူးထိလဲကျပြီး ဒုတိယအချီမှာ အနားတောင်းလိုက်ရသည်။ နောက်တစ်ချီပြန်အစတွင် ထွန်းထွန်းမင်းအငိုက်မိမခံတော့။ လက်သီးပါဝါအားမြှင့်ထိုးသည်။ ဆိုင်းရပ်စ် ပတ်ခြေကန်ချက်ကိုရှောင်ပြီး ထွန်းထွန်းမင်းအောက်ခြေကိုကန်၍ ရိုက်ဖြုတ်သဖြင့် ဆိုင်းရပ်စ်မကြာခဏလဲနေသည်။ စတုတ္ထအချီနှင့် နောက်ဆုံးအချီတွင် ထွန်းထွန်းမင်း ဒူးတိုက်ချက်က ဆိုင်းရပ်စ်မေးစေ့ထိပြီး မွှန်သွားသည်။ ဆိုင်းရပ်စ်မွှန်သွားသည့်အခွင့်အရေးကို လက်လွတ်မခံသည့် ထွန်းထွန်းမင်း ဆိုင်းရပ်စ်မျက်နှာသို့ ဘယ်ညာ လက်သီးတွဲလုံးများတရစပ်ပစ်သွင်းပြီး နောက်ဆုံးအချီပြီးခါနီးတွင် ဆိုင်းရပ်စ်ကို အလဲထိုးအနိုင်ယူလိုက်နိုင်သဖြင့် မီဒီယာများကို ကတိပေးထားသည့်အတိုင်း ရှုံးကြွေးကိုပြန်ဆပ်ကာ ချန်ပီယံဘွဲ့ ကို ဆက်လက်ကာကွယ်နိုင်ခဲ့သည်။

ပြည်တွင်းစိန်ခေါ်ပွဲများဖြစ်သည့် သိန်းစိုး (T&T) နှင့် ရှိုင်းထက်အောင် (အဖြူရောင်သွေးသစ်)တွဲဆိုင်းမှာ ငါးချီထိ ယှဉ်ပြိုင်ခဲ့သော်လည်း ပူးတွဲ သရေကျခဲ့ပြီး ထွန်းနိုင်ဦး(အဖြူရောင်သွေးသစ်)နှင့် ဖြူလေး(မုဒုံသား) တို့ပွဲစဉ် စတုတ္ထအချီတွင် ဖြူလေးကို ထွန်းနိုင်ဦးက အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ ပွဲစဉ် (၃) အဖေ့သွေး(တောင်ကလေး)နှင့်ရှမ်းလေး (ဝါဆို)တို့ပွဲစဉ်ပျက်သွားခဲ့ပြီး ကျော်ဝင်းအောင် (T&T) နှင့် မိုက်မိုက် (STL) တို့ယှဉ်ပြိုင်ရာ ကျော်ဝင်းအောင် ညာခြေကန်ချက်မိုက်မိုက် (STL) မျက်လုံးထိပြီး ဆက်လက်မယှဉ်ပြိုင်တော့သဖြင့် ကျော်ဝင်းအောင်အနိုင်ရရှိခဲ့သည်။

ကြယ်စင်ဖြိုး(အဖြူရောင်သွေးသစ်)နှင့် စောသဲဦး (STL) တို့သရေဖြင့် ပြီးဆုံးခဲ့သော်လည်း ပရိသတ်အကြိုက် ပွဲကောင်းဖြစ်ခဲ့သည်။ စောဘဦး (တောင်ကလေး)နှင့်ကျားပေါက်(ရွှေသောင်းရင်း)တို့ပွဲတွင် ကျားပေါက်၏ ဘယ်ညာလက်သီးတွဲလုံးများကြောင့် စောဘဦးမျက်ခုံးကွဲပြီး သွေးများစီးကျလာ၍ ဆရာဝန်ခွင့်ပြုချက်မရသဖြင့် ဆက်လက်မယှဉ်ပြိုင်နိုင်တော့ဘဲ ကျားပေါက် အနိုင်ရသွားခဲ့သည်။လေးညှို့ရှင်(ခ)ရှမ်းကို (T&T) နှင့် ရဲတံခွန် (အဖြူ ရောင်သွေးသစ်)တို့တွဲဆိုင်းမှာလည်း ပဉ္စမအချီထိ ယှဉ်ပြိုင်ထိုးသတ်သော်လည်း အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေဖြင့် ပြီးဆုံးခဲ့သည်။

(အောင်ကျော်ဦး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
မြန်မာက အမေရိကန်ကို အလဲထိုး  မြန်မာက အမေရိကန်ကို အလဲထိုး Reviewed by သစ်ထူးလွင် on 02:23 Rating: 5
Powered by Blogger.