အန္တရာယ်များသော ခုနစ်ရက် (သို့မဟုတ်) ထိုင်းဆွန်ခရန်ပွဲတော်


ဗန်ကောက် ဧပြီ ၁၁

 ထိုင်းနှစ်သစ်ကူးပွဲတော်ဖြစ်သည့် ဆွန်ခရန်ပွဲတော်(ထိုင်းသင်္ကြန်ပွဲတော်)ကို နှစ်စဉ် ဧပြီ လလယ်တွင်ကျင်းပပြီး အနယ်နယ်အရပ်ရပ်သို့ ရောက်ရှိနေသည့် ထိုင်းလူမျိုးများက မိမိတို့ဇာတိ မြို့ရွာများသို့ပြန်လာပြီး နှစ်သစ်ကူးအားလပ်ရက်များတွင် ပျော်ရွှင်စွာ ရေကစားလေ့ရှိသည်။

အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော ဗန်ကောက်ပို့စ်သတင်းစာက ဆွန်ခရန်ပွဲတော် ကျင်းပသည့် ခုနစ်ရက်တာကာလကို အန္တရာယ်များသောခုနစ်ရက်ဟု ခေါ်ဆိုခဲ့ပြီး ပွဲတော်စတင်ကျင်းပသည့် ဧပြီလ ၉ ရက်နေ့မှာပင် လူ ၂၅ ဦးသေဆုံးပြီး ၃၄၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရေးသားဖော်ပြခဲ့သည်။

လွန်ခဲ့သည့်နှစ်က ထိုင်းဆွန်ခရန်ပွဲတော် ကာလအတွင်း မှုခင်း ၂၉၉၂ မှုတွင် စုစုပေါင်း လူ ၃၂၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၂၂၅ ဦးရှိခဲ့သည်။ ပွဲတော်ကာလအတွင်း အရက်သေစာ သောက်စားမူးယစ်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရမှု ၃၆ ရာခိုင်နှုန်း နှင့် မော်တော်ဆိုင်ကယ်မတော်တဆမှု ၇၉ ရာခိုင်နှုန်းရှိခဲ့သည်ဟု သိရသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သည့် ထိုင်းနိုင်ငံသို့ ယခုနှစ် ဆွန်ခရန်ပွဲတော်ကာလအတွင်း ကမ္ဘာလှည့်ခရီးသည် ငါးသိန်းခန့်လာရောက်မည်ဟု ထိုင်းခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနက မျှော်မှန်းထားသည်။

ရေသဘင်ပွဲတော်ကို အရှေ့တောင်အာရှနိုင်ငံများဖြစ်သည် မြန်မာ၊ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံတို့တွင်လည်း နှစ်စဉ် ဧပြီ လလယ်တွင် ကျင်းပလေ့ရှိပြီး ထိုင်းနိုင်ငံ၏ ဆွန်ခရန်ရေသဘင် ပွဲတော်သည် လူသေဆုံးထိခိုက်မှုအများဆုံးပွဲတော်အဖြစ် လူသိများလျက်ရှိသည်။

စီအင်န်အင်န်။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အန္တရာယ်များသော ခုနစ်ရက် (သို့မဟုတ်) ထိုင်းဆွန်ခရန်ပွဲတော်  အန္တရာယ်များသော ခုနစ်ရက် (သို့မဟုတ်) ထိုင်းဆွန်ခရန်ပွဲတော် Reviewed by သစ်ထူးလွင် on 02:25 Rating: 5
Powered by Blogger.