နီပေါတွင် လူ ၂၂၀၀ ကျော်သေဆုံးခဲ့သည့် ငလျင်လှုပ်ပြီး အင်အား ၆ ဒသမ ၇ ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်


ခတ္တမန္ဒူ ဧပြီ ၂၆

နီပေါနိုင်ငံတွင် ဧပြီ ၂၅ ရက်က အင်အား ၇ ဒသမ ၉ ရစ်ခ်ျတာစကေးရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီး လူ ၂၂ဝဝ ကျော်သေဆုံးခဲ့ပြီးနောက် ဧပြီ ၂၆ရက်တွင် ပြင်းအား ၆ ဒသမ ၇ ရှိ နောက်ဆက်တွဲ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ရာ အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီရှိ အဆောက်အအုံများကိုပါ တုန်ခါစေခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

ဧပြီ ၂၅ ရက်ကလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ခတ္တမန္ဒူမြို့မှ မြောက်ဘက် မိုင်ပေါင်းများစွာ အကွာတွင် တည်ရှိသော တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း လူ ၁၇ ဦး သေဆုံးခဲ့ပြီး အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံတွင် လူ ၄၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူလေးဦး သေဆုံးခဲ့ကြောင်း၊ နောက်ဆုံးရရှိထားသည့် စာရင်းများအရ နီပေါနိုင်ငံတွင် ၂၁၅၂ ဦး သေဆုံးပြီး ၅၄၆၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ မြို့တော်ခတ္တမန္ဒူတစ်မြို့တည်းပင်လျှင် လူ ၇ဝဝ ကျော်သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

နီပေါငလျင်ဘေးသင့်ပြည်သူများကို ကယ်ဆယ် ရန်အတွက် အိန္ဒိယနိုင်ငံမှ ဆေးဘက်ဆိုင်ရာအကူအညီနှင့် ကယ်ဆယ်ရေးယာဉ်များ၊ ကယ်ဆယ်ရေးလုပ်သားများကို လေယာဉ်ဖြင့်စေလွှတ်ခဲ့ကြောင်း၊ အလားတူပင် တရုတ်နိုင်ငံမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့ပြီး ပါကစ္စတန်နိုင်ငံမှ C-130 လေယာဉ် လေးစင်း၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ အပါအဝင် ဆေးဘက်ဆိုင်ရာအကူအညီများကိုလည်း ပို့ဆောင်ခဲ့ကြောင်း သတင်းများအရ သိရသည်။

ယခုလှုပ်ခတ်သော ငလျင်သည် ၁၉၃၄ ခုနှစ်က လှုပ်ခတ်ခဲ့သော လူပေါင်း ၈၅ဝဝ ခန့်သေဆုံးခဲ့သည့် ငလျင်ပြီးနောက် နီပေါနိုင်ငံတွင် ၈၁ နှစ်တာကာလအတွင်း အင်အားအပြင်းဆုံးငလျင်ဖြစ်ကြောင်း သတင်းများအရ သိရသည်။ ရိုက်တာ။

The Mirror Daily
https://www.facebook.com/TheMirrorDaily
နီပေါတွင် လူ ၂၂၀၀ ကျော်သေဆုံးခဲ့သည့် ငလျင်လှုပ်ပြီး အင်အား ၆ ဒသမ ၇ ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်  နီပေါတွင် လူ ၂၂၀၀ ကျော်သေဆုံးခဲ့သည့် ငလျင်လှုပ်ပြီး အင်အား ၆ ဒသမ ၇ ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ် Reviewed by သစ်ထူးလွင် on 07:29 Rating: 5
Powered by Blogger.