နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်းဦးအမှုကို ဒေးဒရဲမြို့နယ်တရားရုံးက အချိန်ဆွဲ စစ်ဆေးနေကြောင်း လူ့အခွင့်အရေးအဖွဲ့ဝေဖန်



ဧပြီလ ၂၆ ရက် (ဒေးဒရဲ)

နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်းဦးအား မြို့နယ်သစ်တောဌာနက တရားလို ပြုလုပ်၍ တရားစွဲဆို ထားသည့်အမှုကို ဒေးဒရဲမြို့နယ်တရားရုံးက အချိန်ဆွဲ၍ စစ်ဆေးနေကြောင်း ဧရာဝတီတိုင်း အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် - HRWDN အဖွဲ့က ဝေဖန်ပြောဆို လိုက်သည်။

HRWDN အဖွဲ့ဝင် ဦးထွန်းထွန်းဦးမှာ ဒေးဒရဲမြို့နယ် ကျုံတက်စားကျက်မြေအတွင်း စိုက်ပျိုးထားသည့် ဒီရေတောအပင်များကို ကျွဲကျောင်း၍ ဖျက်ဆီးပစ်သည်ဟုဆိုကာ ဒေးဒရဲမြို့နယ် သစ်တောဌာနမှ တောအုပ် ဦးအာကာဝင်းက တရားလိုပြုလုပ်၍ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ ဖြင့် ၂၀၁၄ ခုနှစ် သြဂုတ်လက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုကို ဒေးဒရဲမြို့နယ်တရားရုံး၌ ၂၀၁၄ ခုနှစ် စက်တင်ဘာလကစတင်၍ ကြားနာနေခဲ့ရာ အချိန် ၇ လ (ရုံးချိန်းပေါင်း အကြိမ် ၂၀ ကျော်) ကြာသည်အထိ တရားရုံးက စွဲချက်အမိန့်ပင် ချမှတ်ခြင်းမရှိဘဲ ရုံးချိန်း များသာ ပေးနေခဲ့ပြီး တရားခံစွပ်စွဲခံနေရသူ ဦးထွန်းထွန်းဦးကိုလည်း တရားရုံးချုပ်မိန့်ဖြင့် ဖျာပုံအကျဉ်းထောင်၌ ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သိရသည်။

“ဦးထွန်းထွန်းဦးကို ဒေးဒရဲမြို့နယ်တရားသူကြီး ဦးရဲထွဋ်အောင်က ပုဒ်မ ၁၈ အမှု ၃ ခုနဲ့ ထောင် ၆ လ ချမှတ်ခဲ့ပြီး ဖျာပုံထောင်မှာ အကျဉ်းချခဲ့တယ်။ အဲဒီလို အကျဉ်းကျနေချိန်မှာလည်း ပုဒ်မ ၆/၁ အမှုကို ထောင်ထဲကနေ ရင်ဆိုင်ခဲ့ရတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာ ထောင်ဒဏ် ၆ လပြည့်တယ်။ ဒါပေမယ့် တရားသူကြီးက လွှတ်မပေးဘဲ ပုဒ်မ ၆/၁ အမှုနဲ့ ဖျာပုံထောင်ထဲမှာပဲ ဆက်ထည့်ထားတယ်။ သူနဲ့အတူ အမှုတွဲတခုတည်း အဖမ်းခံခဲ့ရသူ ၅ ဦးစလုံးကို အာမခံပေးတယ်။ ဦးထွန်းထွန်းဦးကိုကျတော့ လုံးဝအာမခံ မပေးဘဲ အကြိမ်ကြိမ် ပယ်ချခဲ့တယ်။ နောက်ပြီးတော့ အမှုကိုမစစ်ဘဲနဲ့ ရုံးထုတ်လိုက်၊ နောက်တပတ်ရက်ချိန်း ပေးလိုက်၊ ပြီးတော့ ထောင်ထဲ ပြန်ထည့်ထားလိုက် လုပ်တယ်။ ဒါဟာ လုံးဝ တရားမျှတမှုမရှိဘူးလို့ ပြောချင်တယ်”ဟု HRWDN အဖွဲ့ ခေါင်းဆောင် ဦးမြင့်နိုင်က ပြောသည်။

တရားလို တောအုပ် ဦးအာကာဝင်း၏တိုင်တန်းချက်အရ နယ်မြေခံ ကျုံဒါးရဲစခန်းက ဦးထွန်းထွန်းဦးနှင့် ဒေသခံ ၁၀ ဦးကို ပုဒ်မ ၆/၁ ဖြင့် အမှုဖွင့်ခဲ့ပြီး ယင်းအနက်မှ ၆ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အာမခံ လျှောက်ထားခဲ့ရာ ဒေသခံ ဦးချိုလွင်၊ ဦးခင်ရွှေ၊ ဦးဝင်းရွှေ၊ ဒေါ်လှရီနှင့် ဦးမောင်မျိုးတို့ကို ဒေးဒရဲမြို့နယ် တရားရုံးက အာမခံပေးခဲ့သော်လည်း ဦးထွန်းထွန်းဦး၏အာမခံကို ပယ်ချခဲ့သည်။

လူ့အခွင့်အရေးလှုပ်ရှားသူ ဦးထွန်းထွန်းဦးမှာ ပင်လယ်ဒီရေတိုက်စားမှုများ ဖြစ်ပေါ်နေသည့် ဒေးဒရဲမြို့နယ် အတွင်း ဒီရေတောများစိုက်ပျိုးကြရန် ၂၀၁၄ ခုနှစ် မတ်လအတွင်းက လိုက်လံဟောပြောခဲ့ရာ ဒေသ အာဏာပိုင်များက ၎င်းအား ခွင့်ပြုချက်မရဘဲ ဒီရေတောစိုက်ပျိုးရန် ဟောပြောမှု၊ ခွင့်ပြုချက်မရဘဲ ဒီရေတော စိုက်ပျိုးမှုနှင့် ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် တကိုယ်တော် ဆန္ဒဖော်ထုတ်မှုတို့ဖြင့် တရားစွဲဆိုခဲ့ပြီး ဒေးဒရဲမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“အခု သူတို့ (ဒေးဒရဲမြို့နယ်သစ်တောဌာန) တရားစွဲထားတဲ့ ပုဒ်မ ၆/၁ ဆိုတာကလည်း စားကျက်မြေထဲမှာ စိုက်ထားတဲ့ဒီရေတောအပင်တွေကို ကျွဲကျောင်းပြီး ဖျက်ဆီးပစ်လို့ဆိုပြီး အကြောင်းပြတယ်။ တကယ်တမ်း အဲဒီနေ့က ကိုထွန်းထွန်းဦးနဲ့ အဖွဲ့တွေက ရေတွင်းကုန်းဆိုတဲ့ရွာမှာ ၀ါဆိုသင်္ကန်းကပ်ပွဲလုပ်တဲ့အိမ်က ထမင်းစားဖိတ်ထားလို့ သွားတာ။ ကျမအမျိုးသားမှာ ကျွဲလည်းတကောင်မှ မရှိဘူး။ ကျွဲလည်း မကျောင်းတတ်ဘူး။ ကျွဲကျောင်းခဲ့ခြင်းလည်း လုံးဝမရှိဘူး။ သူတို့ (ဒေးဒရဲမြို့နယ်သစ်တောဌာန) ပြောတဲ့ စားကျက်မြေထဲမှာလည်း ဒီရေတောပင်ဆိုတာလည်း လုံးဝမရှိဘူး။ အဲဒီအချက်ကိုလည်း ကိုထွန်းထွန်းဦး တင်သွင်းထားတဲ့ သက်သေတွေက တရားရုံးမှာ အကုန်လုံး ထွက်ဆိုပေးခဲ့ပြီးပြီ။ အဲဒါကို အခုအချိန်အထိ လွှတ်မပေးဘဲ ဖမ်းဆီးချုပ်နှောင်ထားတာဟာ လုံးဝ တရားမျှတခြင်း မရှိပါဘူး။ နိုင်ငံတော် သမ္မတကြီးပြောတဲ့ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရဆိုတာ ဒါမျိုးလားလို့ မေးချင်ပါတယ်”ဟု ဖျာပုံထောင်၌ အကျဉ်းချခံနေရသူ ဦးထွန်းထွန်းဦး၏ဇနီးဖြစ်သူ မသန္တာက ပြောသည်။

HRWDN အဖွဲ့ဝင် ဦးထွန်းထွန်းဦးအမှုကို စတင်ကြားနာစစ်ဆေးခဲ့သည့် ဒေးဒရဲမြို့နယ်တရားသူကြီး ဦးရဲထွဋ်အောင်မှာ ယခုလဆန်းပိုင်းက ပြောင်းရွှေ့သွားခဲ့သည့်အတွက် အသစ်ရောက်ရှိလာသည့် တရားသူကြီး ဒေါ်သန်းသန်းဝင်းက ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

ဦးထွန်းထွန်းဦးအား ပြန်လွှတ်ပေးရန် ယခုနှစ် ဇန်န၀ါရီလအတွင်းက ဒေးဒရဲဒေသခံ ၁၀၀၀ ကျော်က ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ထံ လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြပြီး ယခုလ ၂၃ ရက်နေ့ကလည်း ရွှေမုဌောဘုရား၌ ဦးထွန်းထွန်းဦးလွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်၍ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

HRWDN အဖွဲ့မှာ ဧရာဝတီတိုင်းအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ကလေးစစ်သားကိစ္စများနှင့် လယ်ယာမြေ သိမ်းဆည်းခံရမှုများအား ၂၀၀၉ ခုနှစ်ကစတင်၍ လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် ကွန်ရက်အဖွဲ့တခု ဖြစ်ကြောင်း သိရသည်။

THIT HTOO LWIN
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်းဦးအမှုကို ဒေးဒရဲမြို့နယ်တရားရုံးက အချိန်ဆွဲ စစ်ဆေးနေကြောင်း လူ့အခွင့်အရေးအဖွဲ့ဝေဖန်  နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်းဦးအမှုကို ဒေးဒရဲမြို့နယ်တရားရုံးက အချိန်ဆွဲ စစ်ဆေးနေကြောင်း လူ့အခွင့်အရေးအဖွဲ့ဝေဖန် Reviewed by သစ်ထူးလွင် on 10:55 Rating: 5
Powered by Blogger.