ထိုင်းရှေးဟောင်းမြို့ အယုဒ္ဓယ ရိုးရာသင်္ကြန်ပွဲ စတင်


ထိုင်းနိုင်ငံမှာ ရှေးဟောင်းမြို့ဖြစ်တဲ့ အယုဒ္ဓယမြို့မှာ သင်္ကြန်ပွဲတော်ကို ဧပြီ ၁၀ ရက်နေ့က  စတင်ကျင်းပပါတယ်။

ဆေးရောင်စုံ ခြယ်သထားတဲ့ ဆင်တွေက လမ်းသွားလမ်းလာတွေ၊ တိုးရစ်တွေကို ရေပက်ပြီး ထိုင်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို စတင်လိုက်တာပါ။

အယုဒ္ဓယမြို့ဟာ ဘန်ကောက်မြောက်ပိုင်းက မိုင် ၅၀ အကွာမှာ ရှိတဲ့ ရှေးဟောင်း မြို့တော်ဖြစ်ပါတယ်။ ထိုင်းမှာ ရေသဘင်ပွဲတော်က ဧပြီ ၁၃ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။

မြန်မာနည်းတူ ထိုင်း၊ လာအို၊ ကမ္ဘောဒီယားတို့မှာလည်း ရိုးရာ ရေသဘင်ပွဲတော်ကို ကျင်းပပြီး နှစ်သစ်ကို ကြိုဆိုကြတာပါ။

သင်္ကြန်အကြိုကာလမှာပဲ ထိုင်းအစိုးရက မာရှယ်လောကိုလည်း ပြန်ရုပ်သိမ်းပေးထားပါတယ်။ စစ်အုပ်ချုပ်ရေးကြောင့် ထိုင်းနိုင်ငံကို အလည်အပတ်လာတဲ့ နိုင်ငံခြားသား အရေအတွက် ကျဆင်းပြီး တိုင်းပြည် စီးပွားရေးကိုလည်း ထိခိုက်ခဲ့တာပါ။

သင်္ကြန်ပွဲတော်ကို အကြောင်းပြုလို့ နိုင်ငံခြားသားခရီးသည် အရေအတွက် ပိုများလာဖို့ မျှော်လင့်တယ်လို့ အယုဒ္ဓယ ဆင်ဥယျာဉ်က ၀န်ထမ်းတွေကပြောပါတယ်။

ဆင်လိမ္မာတွေနဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆင်ထိန်းတဦးက ပြောပါတယ်။

၂၀၁၅ ဧပြီလ ပထမ လေးရက်အတွင်း  ထိုင်းနိုင်ငံကို အလည်လာတဲ့ ကမ္ဘာ့လှည့်ခရီးသည် အရေအတွက်ဟာ ၂၀၁၄ ခုနှစ် ဧပြီပထမလေးရက်ထက် ၃၇ ဒသမ ၈ ရာခိုင်နှုန်း တိုးလာတယ်လို့ ကမ္ဘာ့လှည့်ခရီးသွားနှင့် အားကစား ၀န်ကြီးဌာနက ပြောပါတယ်။

အရေအတွက်အားဖြင့် ၃၃၇၀၀၀ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်မေလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း ထိခိုက်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကနေ ပြန်လည် နာလန်ထလာတယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
ထိုင်းရှေးဟောင်းမြို့ အယုဒ္ဓယ ရိုးရာသင်္ကြန်ပွဲ စတင်  ထိုင်းရှေးဟောင်းမြို့ အယုဒ္ဓယ ရိုးရာသင်္ကြန်ပွဲ စတင် Reviewed by သစ်ထူးလွင် on 12:35 Rating: 5
Powered by Blogger.