သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထား ရတဲ့ ကျောင်းသား ကျောင်းသူတွေကို အရင်က လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ရာကနေ သာယာဝတီမြို့နယ် တရားရုံး ကို ပြောင်းရွှေ့စစ်ဆေးဖို့ ထောင်အာဏာပိုင်တွေ က ကျောင်းသူ ကျောင်းသားတွေထံက သဘော ထားကောက်ယူရာမှာ တစ်ချို့က လက်မှတ်ထိုး ဖို့ ငြင်းဆန်လိုက်ပါတယ်။
ကန့်ကွက်သူတွေကို ဒီနေ့ သာယာဝတီတရားရုံးမှာ ရုံးတင်ဖို့ရှိပေမဲ့ လာမယ့် ဧပြီလ ၉ ရက်နေ့ ကို ပြောင်းရွှေ့လိုက်တယ်လို့ ထောင်ဝင်စာသွားတွေ့ခဲ့ တဲ့ သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုကျော်နိုင်ဦး ကပြောပါတယ်။
"လုံခြုံရေးအရနဲ့ သွားရေးလာရေးအရ လက်ပံတန်းရုံးနဲ့စာရင် သာယာဝတီရုံးမှာ ဖြစ်သင့်ပါတယ်ဆိုပြီးတော့ အစိုးရကနေပြီးတော့ ရုံးပြောင်းကို တရားရုံးကိုတင်တယ်၊ တင်လိုက်တော့ အဲ့ဒီဟာကို သဘောတူ မတူဆို ပြီး ကျောင်းသားတွေကို လက်မှတ်ထိုးခိုင်းတယ်၊ ထိုးခိုင်းတော့ ၅ ယောက်က ဘာမှန်းမသိတော့ မထိုးဘူး၊ အားလုံးကလက်မှတ်ထိုးလိုက်လို့ရှိရင် အဲ့ဒီနေ့မှာ ကော်မတီအတွက် သူသဘောတူ သည်ဖြစ်စေ မတူသည်ဖြစ်စေ ရုံးပြောင်းပြီးပြီးသွားပြီ၊ အဲ့ဒါကို ၃ ရက်နေ့မှာ သာယာဝတီခရိုင်ရုံးမှာ ရုံးပြောင်းအတွက် လျှောက်လဲချက်ပေးမယ်၊ ဘာဖြစ်လဲမသိဘူး သူတို့က အခြေအနေကြောင့် ဆိုပြီးတော့ ရုံးမထုတ်ဖြစ်ဘူး၊ ဒီရုံးအပြောင်းအတွက်ကို အခုကြားနာပွဲဥစ္စာကို ဒီနေ့ကနေပြီးတော့ ၉ ရက်နေ့ကို ပြောင်းလိုက်တယ်လို့ကြားတယ်"
ရုံးပြောင်းစစ်ဆေးဖို့ သဘောထားကောက်ခံမှု အဆင်မပြေတာကြောင့် လာမယ့် ဧပြီလ ၇ ရက်နေ့ တရားရုံးချိန်းကို လက်ပံတန်းမြို့နယ် တရားရုံးမှာ ဆက်လက်ရုံးထုတ် စစ်ဆေးရမှာဖြစ်ပါတယ်။
မတ်လ ၁ဝ ရက်နေ့က လက်ပံတန်း ကျောင်းသားသပိတ်ဖြိုခွဲစဉ် ဖမ်းဆီးခံလိုက်ရသူတွေနဲ့ ရန်ကုန်မြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသူ ကျောင်းသားတွေအပြင် ကူညီသူတွေကို သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထားတာ စုစုပေါင်း ၇ဝ လောက်ရှိတယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
တရားရုံးပြောင်းရွှေ့ စစ်ဆေးရေး အစီအစဉ် ကျောင်းသား တချို့ ငြင်းဆန်
Reviewed by သစ်ထူးလွင်
on
02:25
Rating: