ထိုင်းတွင် အရှိန်ပြင်းရေပြွတ်တံများ ရောင်းပါက ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်မည်


လာမယ့် ထိုင်းသင်္ကြန်မှာ အရှိန်ပြင်းရေပြွတ်တံ ရောင်းချခွင့်ကို သက်ဆိုင်ရာက တားမြစ်လိုက်ပြီး  မလိုက်နာရင် ထိရောက်စွာ အရေးယူခံရမယ်လို့  ချနယ်လ် ၃ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီတားမြစ်ချက်ကို  သင်္ကြန်ရေကစားမှုဘေးအန္တရာယ်ကင်းစင်ရေး ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ ၀ယ်ယူသုံးစွဲသူများ ကာကွယ်ရေးကော်မတီ နဲ့ ထိုင်းရဲတပ်ဖွဲ့တို့က ပူးပေါင်း ထုတ်ပြန်လိုက်တာဖြစ်ပြီး  အရှိန်ပြင်းတဲ့ ရေပြွတ်တံ ရောင်းချသူတွေအနေနဲ့ ထောင် ဒဏ် ၅ နှစ် ဒါမှမဟုတ် ငွေဒဏ် ၅ သိန်း၊ ဒါမှမဟုတ် ထောင်ဒဏ်ရောငွေဒဏ်ပါ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

အရှိန်ပြင်း ရေပြွတ်တံ ထုတ်လုပ်သူ ဒါမှမဟုတ် တင်သွင်းလာသူတွေ ဆိုရင်တော့ ထောင်ဒဏ် ၁၀ နှစ် ဒါမှမဟုတ် ငွေဒဏ် ၁၀ သိန်း ဒါမှမဟုတ် ထောင်ဒဏ်ရောငွေ ဒဏ်ပါ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

တားမြစ်ချက်ကို ဆန့်ကျင်လုပ်ဆောင်သူတွေ တွေ့ရှိပါက  သုံးစွဲသူများကာကွယ်ရေး ကော်မတီ ဖုံးနံပတ်  ၁၁၆၆  ဒါမှမဟုတ် သုံးစွဲသူများကာကွယ်ရေးရဲတပ်ဖွဲ့ ဖုံးနံပတ် ၁၁၃၅ ကိုတိုင်ကြားနိုင်ပြီး ချက်ချင်းအရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထား ပါတယ်။

ဒီနေ့ခေတ်ကာလမှာ သူ့ထက်ငါအပြိုင် ခေတ်မီရေပြွတ်တံအမျိုးမျိုး ထုတ်လုပ်ရောင်း ချလာရာက ရေပမာဏများများနဲ့ အရှိန်ပြင်းစွာ ပက်ဖျန်းနိုင်တဲ့ ရေပြွတ်တံတွေ သုံးခြင်းအားဖြင့် ရေပက်ခံရသူတွေ အညိုအမည်းစွဲတဲ့ထိ နာကျင်တာ၊ မျက်စိကွယ်သွားတာ၊ ဆိုင်ကယ်မတော်တဆ ထိခိုက်မှုဖြစ်ပွားတာတွေ ရှိခဲ့တဲ့အတွက် အခုလို တားမြစ်ရတာဖြစ်ကြောင်း တာဝန်ရှိသူတွေက သင်္ကြန်တွင်းဘေးကင်းရေး လှုံ့ဆော်ရာမှာ ပြောသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
ထိုင်းတွင် အရှိန်ပြင်းရေပြွတ်တံများ ရောင်းပါက ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်မည်  ထိုင်းတွင် အရှိန်ပြင်းရေပြွတ်တံများ ရောင်းပါက ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်မည် Reviewed by သစ်ထူးလွင် on 19:16 Rating: 5
Powered by Blogger.