ပြီးခဲ့တဲ့နှစ်က အမေရိကန် သမ္မတအိမ်ဖြူတော်ရဲ့ ကွန်ပြူတာစနစ်ကို ထိုးဖောက်ခံရချိန်က ရုရှားဟက်ကာတွေက သမ္မတအိုဘားမားရဲ့ အီးမေးလ်တွေကို ထင်တာထက် ပိုပြီး ရယူနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့က နယူးယောက်တိုမ်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
ရုရှားဟတ်ကာတွေက သူတို့မျှော်လင့်ခဲ့တာထက် ပိုပြီးဖတ်ခွင့်ရခဲ့တယ်လို့ ပြောဆိုပေမယ့် အိမ်ဖြူတော်ကတော့ သမ္မတရဲ့ အရေးကြီးတဲ့စာတွေ၊ အချက်အလက်တွေက ပိုပြီး လုံခြုံတဲ့ကွန်ပြူတာတလုံးမှာ ထားရှိတယ်လို့ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အိမ်ဖြူတော်အီးမေးလ်စနစ် ထိုးဖောက်ခံရတော့ စနစ်တခုလုံးကို ပိတ်ချခဲ့ရတာပါ။
အဲဒီတုန်းက အိမ်ဖြူတော်ကွန်ပြူတာစနစ်တင်မက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန စက်တွေကိုပါ အဖောက်ခံခဲ့ရပြီး သမ္မတနဲ့ သူရဲ့ အကြံပေးတွေ သုံးတဲ့ ဘလက်စ်ဘယ်ရီ ဖုန်းတွေကတော့ အဖောက်ခံရတဲ့ပုံ မပေါ်ပါဘူး။
ဒါပေမယ့် ရုရှားဟတ်ကာတွေဟာ အိမ်ဖြူတော်အီးမေးလ် အဟောင်းတွေတော့ ဖွင့်ခွင့်ရခဲ့ကြပါတယ်။
အမေရိကန်ထိပ်တန်းအရာရှိတွေဟာ သူတို့ရဲ့ရုံးတွေမှာ သာမန်လုံခြုံရေးအဆင့်နဲ့ ကွန်ပြူတာနဲ့ လုံခြုံရေးအထူးအဆင့်မြင့်ကွန်ပြူတာဆိုပြီး ကွန်ပြူတာ ၂ လုံး သုံးကြတယ်လို့ နယူးယောက်တိုမ်းသတင်းစာက ရေးသားပါတယ်။
ဒါပေမယ့် အမေရိကန်အရာရှိကြီးတွေဟာ အရေးကြီးအချက်အလက်တွေနဲ့ အရေးကြီးစာတွေ သာမန်လုံခြုံရေးအဆင့်နဲ့ ကွန်ပြူတာကနေပဲ ပေးပို့တယ်လို့ ၀န်ခံပြောဆိုကြပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no
အိမ်ဖြူတော် အီးမေးလ်စနစ် ထိုးဖောက်ခံရမှု အိုဘားမား အီးမေးလ်များ အဖောက်ခံရ
Reviewed by သစ်ထူးလွင်
on
16:13
Rating:
