ကာရာကတ်စ် ဧပြီ ၂၆
ဗင်နီဇွဲလားနိုင်ငံတွင် အမျိုးသမီး တစ်ဦးသည် သမ္မတ နီကိုလပ်မာဒူဒို ထံမှ နေအိမ်ခန်းတစ်ခန်း ရရှိလိုသော ဆန္ဒကြောင့် သမ္မတကြီး ဦးခေါင်းကို သရက်သီးတစ်လုံးဖြင့် ပစ်ပေါက်ခဲ့ကြောင်း ယနေ့ဘီဘီစီသတင်းတွင် ဖော်ပြသည်။
သမ္မတကြီးသည် အာရာဂွာ ပြည်နယ်အလယ်ပိုင်းကို ဖြတ်သန်း၍ ဘတ်စ်ကားမောင်းနေစဉ် မာလီနီအို လီဗိုက သရက်သီးဖြင့် ပေါက်ခဲ့ခြင်း ဖြစ်သည်။ ပေါက်လိုက်သည့် သရက်သီးပေါ်တွင် အကူအညီပေးပါရန် အသနား ခံသည့်စာများ ရေးထားသည်။
မစ္စအိုလီဗိုသည် သရက်သီးပေါ်တွင် သူမ၏ အမည်နှင့် ဖုန်းနံပါတ်ကို ရေး၍ 'သမ္မတကြီး တတ်နိုင်လျှင် ဖုန်းခေါ်ပေးပါ'ဟု ရေးခဲ့သည်။ ဘတ်စ်ကားက ဖြတ်ကျော်စဉ် အနီးဆုံးအထိ ချဉ်းကပ်၍ သမ္မတကြီးကို အဆိုပါ သရက်သီးဖြင့် ပေါက်ခဲ့ခြင်း ဖြစ်သည်။
သရက်သီးသည် သမ္မတကြီး၏ လက်ဝဲဘက်နားအထက်သို့ ထိမှန် ခဲ့ပြီး သမ္မတကြီးက တည်ငြိမ်စွာပင် သရက်သီးကို ကောက်ယူ၍ လူအုပ်ကြီး ကိုပြခဲ့သည်။
ထို့နောက် ရုပ်မြင်သံကြားမှ ပုံမှန်အတိုင်း သမ္မတကြီး၏ သတင်းကို ထုတ်လွှင့်ရာတွင် ၎င်းက အဆိုပါ ဖြစ်စဉ်ကို ထည့်သွင်းပြောကြားပြီး ထိုသရက်သီးကို ပြသခဲ့သည်။
''သူ့မှာ နေဖို့ထိုင်ဖို့ပြဿနာ ရှိနေတယ်။ ကောင်းပြီ မာလီနီ။ ဗင်နီဇွဲလား မဟာအိုးအိမ်စီမံကိန်းအရ ခင်ဗျားအတွက် အခန်းတစ်ခန်း အတည်ပြုပေးပြီးပါပြီ။ ခင်ဗျားအခန်း တစ်ခန်းရပါမယ်။ နောက်နာရီအနည်း ငယ်အတွင်း ခင်ဗျားကို ပေးပါလိမ့်မယ်။''
''မနက်ဖြန်၊ သန်ဘက်ခါထက် နောက်မကျဘဲ ပေးပါလိမ့်မယ်''ဟု သမ္မတက ရုပ်သံတွင် ပြောခဲ့သည်။
မစ္စ အိုလီဗိုက သူမအနေဖြင့် ဤဖြစ်စဉ်၏နောက်ကွယ်တွင် မကောင်းသော ရည်ရွယ်ချက်မရှိကြောင်း။ မသေမီ ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ချင်သည့် ဆန္ဒတစ်ခုတည်းသာရှိကြောင်း ပြောကြားခဲ့သည်။
ဘတ်စ်ကား ဒရိုင်ဘာဟောင်း တစ်ဦးဖြစ်ပြီး ဘတ်စ်ကားကို ကိုယ်တိုင်မောင်း၍ ပြည်သူများအတွင်း လှည့်လည်လျက် သာမန် ဗင်နီဇွဲလားပြည်သူများ၏ စကားသံကို ကြားနာရန် နှစ်သက်လိုလားသည့် သမ္မတ နီကိုလပ်မာဒူဒိုက သရက်သီး က မှည့်လာပြီဖြစ်၍ သူစားမည်ဖြစ်ကြောင်း ထပ်မံပြောကြား ခဲ့သည်။ ဘီဘီစီ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဗင်နီဇွဲလားတွင် အိမ်လိုချင်သော အမျိုးသမီး သမ္မတခေါင်းကို သရက်သီးဖြင့်ပေါက်
Reviewed by သစ်ထူးလွင်
on
07:29
Rating: