အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသား မိသားစုများ၏ ပြည်သူ့ဂုဏ်ရည်


ကြေညာချက်အမှတ် (၁/၂ဝ၁၅)
နေ့စွဲ - ၂ဝ၁၅ ခုနှစ် မတ်လ (၂၂) ရက်

မြန်မာပြည်တွင်း၌ လူမှုရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများကို အပြည်ပြည်ဆိုင်ရာ မြန်မာ တိုင်းရင်းသား မိသားစုများက လေးစားဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ဖော်ထုတ်ပြသသော ပြည်သူ့ဂုဏ်ရည်ဆုဖြင့် ၂ဝ၁ဝ ပြည့်နှစ်မှ စတင်ကာ ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။

ပြည်သူ့ဂုဏ်ရည်ဆုရရှိသူကို ဂုဏ်ပြုဆု တံဆိပ်နှင့်အတူ ငွေသား (ဒေါ်လာ) တစ်သောင်း (US$10,000) ချီးမြှင့်ဂုဏ်ပြုပါသည်။

မြန်မာနိုင်ငံတွင်း နေထိုင်လျက် တိုင်းရင်းသားပြည်သူတို့တွက် လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့် အနစ်နာခံကာ စွမ်းစွမ်းတမံ လုပ်ဆောင်နေသော၊ ကျယ်ပြန့် ထိရောက်အောင်မြင်အောင် ဆောင်ရွက် နိုင်သော၊ လူ့ဘောင်လောကနှင့် နိုင်ငံသားများအတွက် စံပြဖြစ်စေမည့် လူချွန်လူမွန်များကို အမည်စာရင်းတင်သွင်းခြင်းဖြင့် ဂုဏ်ပြုနိုင်ကြပါသည်။

၂ဝ၁၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်း တင်သွင်းခြင်းကို ၂ဝ၁၅ ခုနှစ် ဧပြီလ (၃ဝ) ရက်ထိ လက်ခံနေပြီဖြစ်ပါသည်။

+ အမည်စာရင်းတင်သွင်းသည့်ပုံစံကို အရင်ဆုံးလေ့လာရပါမည်။
+ မေးခွန်းများကို ဖြေဆိုနိုင်ရန် အချက်အလက်များ စုဆောင်းပါ။
+ အမည်စာရင်းတင်သွင်းမည့်သူအကြောင်း
သင်သိရှိသမျှအချက်အလက်များကို
ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် အချိန်ယူဖြည့်စွက်ပါ။
+ သင့်နှလုံးသားထဲမှ လူမှုရေးသူရဲကောင်းအကြောင်းကို ခံစားရသမျှ ဝေငှပါ။
+ သင်မျှဝေပေးသော ခံစားချက်တို့မှာ အမည်စာရင်းတင်သွင်းခြင်းခံရသူအတွက် သင်၏ဂုဏ်ပြုခြင်းပင်ဖြစ်ပါသည်။
+ ကျွန်ုပ်တို့ ကလည်း သင်ရေးသားတင်သွင်းသော ဂုဏ်ပြုခြင်းကို လုံးစေ့ပတ်စေ့ လေးနက်စွာ ဖတ်ရှုလေ့လာသွားမည် ဖြစ်ပြီး ဆင့်ပွားဝေမျှ ဂုဏ်ပြု တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။
+ လိုအပ်သောအချက်အလက်များဖြင့် ပြည့်စုံသည့် အမည်စာရင်းတင်သွင်းခြင်း များအတွက် သင့်အီးမေးလ်ကို ဆက်သွယ်လျက် ကောင်းမွန်စွာ လက်ခံရရှိပါကြောင်း အတည်ပြု ပြန်ကြားပေးသွား မည်ဖြစ်ပါသည်။
+ အကယ်၍ မိမိကိုယ်ကို မိမိ အမည်စာရင်းတင်သွင်းလိုပါက သင့်လိပ်စာအပြည့် အစုံ၊ အီးမေးလ်လိပ်စာနှင့် ဆက်သွယ်ရန် တယ်လီဖုန်း နံပါတ်များကို မဖြစ်မနေ ထည့်သွင်းပေးရပါမည်။ ဂုဏ်ပြုပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ သင့်ကို ဆက်သွယ် အတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။

၁။ ဘယ်လိုလူမျိုးတွေကို ပြည်သူ့ဂုဏ်ရည်အတွက် အမည်စာရင်းတင်သွင်းလို့ရပါသလဲ?
မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိသူ၊
+ ကိုယ်ကျိုးစွန့်အနစ်နာခံကာ လူမှုရေးလုပ်ငန်း များကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသူ၊
+ ကျယ်ပြန့် ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်သူ၊
+ လူ့ဘောင်လောကနှင့် နိုင်ငံသားများအတွက်စံပြ ဖြစ်စေသူများကို
တဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ၊ အမည်စာရင်းတင်သွင်းလို့ရပါတယ်။

၂။ အမည်စာရင်း တင်သွင်းချင်တဲ့သူရဲ့ လိပ်စာ၊ အီးမေးလ်၊ တယ်လီဖုန်းနံပါတ်တွေကို မသိဘူးဆိုရင်ရော?
အချက်အလက်များကို ပြည့်စုံအောင် စုံစမ်းဖြည့်စွက်ဖို့ တိုက်တွန်းပါရစေ။ ဘယ်လိုမှ မသိနိုင်ဘူးဆိုရင်တော့ ဂုဏ်ပြုပွဲဖြစ်မြောက်ရေးအဖွဲ့အနေနဲ့ လေ့လာ၊ ဆက်သွယ်၊ စုံစမ်းသွားမှာဖြစ်ပေမယ့် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်လာနိုင်ပါတယ်။

၃။ အမည်စာရင်းဘယ်မှာတင်သွင်းရမှာလဲ ?
http://www.citizenofburma.org/nomination-form
ပုံစံကိုဖြည့်စွက်ပြီး အောက်ခြေက send(ပေးပို့ပါ) ကိုနှိပ်လိုက်ပါ။

၎။ အမည်စာရင်းတင်သွင်းခြင်းကို စာတိုက်က ပို့လို့ ရပါသလား?
မရပါ။ မြန်ဆန်ထိရောက်သည့် အွန်လိုင်း စနစ်ဖြင့်သာ ပို့ပေးပါ။

၅။ အမည်စာရင်းတင်သွင်းခြင်းကို လက်မခံဘဲ ငြင်းပယ်ခြင်းများရှိပါသလား?
လိုအပ်တဲ့အချက်အလက်များနဲ့ ပြည့်စုံတယ်၊ ရွေးချယ်ရေးမူဝါဒများနဲ့လည်း ကိုက်ညီတယ်ဆိုရင်တော့ ငြင်းပယ် ခံရမှာမဟုတ်ပါဘူး။ လိုအပ်တဲ့အချက်အလက်များကလည်း မပြည့်စုံ၊ ရွေးချယ်ရေးမူဝါဒများနဲ့လည်း ကိုက်ညီမှုမရှိဘူးဆိုရင်တော့ အဲဒီအမည်စာရင်း တင်သွင်းခြင်းကို လက်ခံမှာမဟုတ်ပါဘူး။

၆။ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲတက်ရောက်ခွင့်ကို ဘယ်လိုရယူရပါမလဲ?
ဂုဏ်ပြုပွဲကျင်းပတဲ့မြို့က ဆက်သွယ်ရမယ့်စာရင်းပါ တဦးဦးကို ဆက်သွယ်လျက် ဂုဏ်ပြုပွဲအတွက် ထိုင်ခုံ နေရာကို ကြိုတင်ရယူနိုင်ပါတယ်။ ။

၂ဝ၁၅ အတွက် ဆန္ဒပြုရန် ပါဝင်ရမည့်အချက်များ

မိမိ၏အမည်(*)

မိမိ၏လိပ်စာ(မြို့၊ ပြည်နယ်၊ နိုင်ငံ)

မိမိ၏အီးမေးလ်(*)

အဆိုပြုလိုသည့်လူမှုလုပ်ငန်း(သို့မဟုတ်)စေတနာ့ဝန်ထမ်း၏အမည်(*)

၎င်း၏လိပ်စာ

၎င်း ဆောင်ရွက်နေသည့်လူမှုနယ်ပယ်(*)

၎င်း၏ ဆောင်ရွက်ချက်များကြောင့် ထူးခြား၊ ပြောင်းလဲ၊ ကောင်းမွန်လာမှုများ(*)

၎င်းကို ပြည်သူ့ဂုဏ်ရည်အဖြစ်ဂုဏ်ပြုလိုသည့် မိမိဆန္ဒနှင့် ခံစားချက်(*)

သတင်းနှင့်ပြန်ကြားရေးကော်မီတီ
ပြည်သူ့ဂုဏ်ရည်အသင်း
http://www.citizenofburma.org/

အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသား မိသားစုများ၏ ပြည်သူ့ဂုဏ်ရည်   အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသား မိသားစုများ၏ ပြည်သူ့ဂုဏ်ရည် Reviewed by သစ်ထူးလွင် on 18:09 Rating: 5
Powered by Blogger.