မော်လမြိုင်ကျွန်း ဧပြီ ၂၄
ရန်ကုန်မြို့မှ မော်လမြိုင်ကျွန်းမြို့သို့ ဧပြီ ၂၃ ရက် ညနေ ၄ နာရီခွဲက ခုတ်မောင်းလာသော မဟာဗန္ဓုလ ပုဂ္ဂလိက နှစ်ထပ်ရေယာဉ်သည် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်-တွံတေးတူးမြောင်းအတွင်း ရှစ်မိုင်ခွဲ အရောက်တွင် ရေယာဉ်ကို ရုတ်တရက် သဲမုန်တိုင်း(လေပြင်း)ကျရောက် တိုက်ခတ်ခံခဲ့ရသည်။
ယင်းသဲမုန်တိုင်းတိုက်ခတ်ချိန် ရေယာဉ်ပေါ်ပါ ခရီးသည် ၇၄ ဦးတို့ သဘာဝဘေးမှ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ရေယာဉ်ဝန်ထမ်းများ က ခရီးသည်များအား အသက်ကယ်အင်္ကျီများဝတ်ဆင်စေပြီး အသက်ကယ် ဗောများ အသင့်ပြင်ဆင်ထားခဲ့ကြသည်။
သဲမုန်တိုင်းမှာ ညနေ ၅ နာရီ ၄၅ မိနစ်မှ ၆ နာရီ ၅ မိနစ်အထိ မိနစ် ၂ဝ ကြာ သဲရော လေပါ တိုက်ခတ်ခဲ့သည်။
ယင်းမဟာဗန္ဓုလရေယာဉ်သည် သဲမုန်တိုင်းမှ သက်သာမှုရရှိစေရန် ရေယာဉ် ညာဘက်ခြမ်းချွန်းထိပ် သစ်ပင်အနီးတွင် ခေတ္တရပ်နားခဲ့သည်။
''သဲမုန်တိုင်းလို့တော့ ပြောရမှာပဲ၊ သဲရောလေပါ ခပ်ပြင်းပြင်းတိုက်ခတ်ခဲ့တာ ပတ်ဝန်းကျင်တစ်ခုလုံး သဲသဲကွဲကွဲမမြင်ရဘူး။ သဲမုန်တိုင်းက မိနစ် ၂ဝ လောက် တိုက်ခဲ့တာပါ။ ရေယာဉ်မတိမ်းမှောက်ရေးနဲ့ ခရီးသည် များ ဘေးကင်းလုံခြုံမှုရှိရေးကို ကျွန်တော်တို့ရေယာဉ် ဝန်ထမ်းတွေ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ခရီးသည် အားလုံးလည်း အသက်ကယ်အင်္ကျီဝတ်ပြီး ငြိမ်သက် စွာ ထိုင်နေကြဖို့ မှာကြားရပါတယ်''ဟု မဟာဗန္ဓုလ ရေယာဉ်ဝန်ထမ်း ဦးဇော်ဦးနှင့် ဦးမင်းဇော်တို့က ပြောသည်။
ယင်းမဟာဗန္ဓုလရေယာဉ်သည် တစ်နာရီခန့် ရပ်နားပြီးနောက် တွံတေးတူးမြောင်း ရှစ်မိုင်ခွဲမှ မော်လမြိုင်ကျွန်းမြို့သို့ ပြန်လည်ခုတ်မောင်းခဲ့ရာ ဧပြီ ၂၄ ရက် နံနက် ၄ နာရီခွဲတွင် မော်လမြိုင် ကျွန်းမြို့ဆိပ်ကမ်းသို့ ဘေးကင်းလုံခြုံစွာ ဆိုက်ကပ်ခဲ့ သည်။
ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာ နိုင်ရေးအတွက် မြစ်ကြောင်းသွားရေယာဉ်များတွင် အသက်ကယ်အင်္ကျီများနှင့် အသက်ကယ်ဗောများ လုံလောက်စွာ ထားရှိစေလိုသည်ဟု သိရသည်။
မော်ကျွန်း-မြင့်အောင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မဟာဗန္ဓုလရေယာဉ် လေပြင်းတိုက်ခတ်ခံရသော်လည်း ခရီးသည်များ ဘေးအန္တရာယ်မှ ကင်းလွတ်
Reviewed by သစ်ထူးလွင်
on
05:13
Rating: