သံလွင်မြစ်ကြီး ဘေးကင်း စေရေး မိုင်းတုံ ဒေသခံများ စုပေါင်း ဆုတောင်းပွဲ ကျင်းပ



ဧပြီလ ၆ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် သံလွင်မြစ်ကြီး ဘေးကင်းစေရေး အတွက်ရည်ရွယ်၍ ဒေသခံ ပြည်သူ လူထုတို့မှ စုပေါင်းပြီး ကောင်းမှု ကုသိုလ် ပြုလုပ်ကြကြောင်း စုံစမ်းသိရှိရ သည်။

ဧပြီလ ၆ ရက်မနက်ပိုင်းက မိုင်းတုံမြို့ ပဋိကတ်ဟုန်းထမ်းတွင်စုဝေးပြီး ဆရာတော် သံဃာတော်များအားကန်တော့ကြကြောင်း၊ ဒေသခံလူထု ၁၀၀ ကျော်တက်ရောက်ကြောင်း သံလွင်မြစ်ကြီးနှင့်ဒေသခံများဘေးရန်ကင်းရှင်းကြရန် ဆုတောင်းမေတ္တာပို့သ ပေးကြသည် ဟု မိုင်းတုံဒေသခံ စိုင်းလွယ်က ပြောသည်။

“ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ လာမယ့်နှစ်မှာ နမ့်ခုံး (သံလွင်)မြစ်ကြီး ဘေးကင်းပါစေ ။ သျှမ်းပြည်လူထု ဘေးကင်းရန်ကင်းပါစေ လို့ဆုတောင်းတယ်။ ရေကာ တာကြီးတည်ဆောက်မယ်ဆိုတာ ကျနော်တို့မိုင်းတုံဒေသခံတွေ လုံးဝ လက်မခံနိုင်ဘူး၊ သဘောမတူပါဘူး။ ကျနော်တို့ ဘက် ကတော့ ပွင့်ပွင့်လင်းလင်းဘဲ ဆန့်ကျင်ပါတယ်။ ကျနော်တို့ ဒေသခံတွေ အလေးထား တန်ဖိုးထားတဲ့ သမိုင်းဝင် အမွေအနှစ်တွေ ပျက်စီးကုန်မယ်။ သျှမ်းပြည်သားတော်တော် များများ ဒီရေကာတာကြောင့် ဆင်းရဲ ဒုက္ခကြုံရမယ် ” ဟု စိုင်းလွယ်က ပြောသည်။

နေ့လည်ပိုင်းတွင် ဩစတေးလျနိုင်ငံ SMEC ကုမ္မဏီက မိုင်းတုံ ဒေသခံလူထုအားခေါ်ယူ တွေ့ဆုံကာ တာ့ဆာလားရွာ မြောက်ဘက် ၂၀ ကီလိုမီတာအကွာရှိ မိုင်းတုံရေကာတာ တည်ဆောက်ဖို့အတွက် စစ်တမ်းကောက်ယူခဲ့ပါသည်။

“ ကုမ္မဏီက ၁၁ နာရီလောက်ကရောက်လာပြီးတော့ သူတို့ပြောချင်တာ ဒရစပ် ပြောသွား တယ်။ ၁၂ နာရီလည်းထိုးရော တွေ့ဆုံပွဲလာတဲ့လူတွေကို ထမင်းသွားစား ခိုင်းတယ်။ လျှပ်စစ်မီး ၁၀ ရာခိုင်နှုန်းကိုဘဲ လူထုက ရမှာ။ ကျန်တဲ့ အများစုက ဘယ်သူ့ကိုပေးမှာလဲ။ ဒေသခံလူထုမေးမြန်းတာကို ကုမ္မဏီက မဖြေနိုင်ဘူး။ ဒါကြောင့် ၂ နာရီတောင် မထိုးသေး ဘူး လူတွေအသီးသီးထပြန်သွားကြတယ်။” ဟု အခမ်းအနားတက်ရောက်သည့် နန်းခမ်းကပြောသည်။

ထို့ပြင် ကုမ္မဏီများဘက်က လူထုအား ပွင့်လင်းမှုမရှိကြောင်း၊ ရေကာတာစီမံကိန်းအနီး တဝိုက်လည်း လုံခြုံရေးအထူအထပ်ချထားကြောင်း မိုင်းတုံမြို့ နိုင်ငံရေးပါတီမှ အကြီးအကဲတဦးကလည်းပြောသည်။

ဩစတေးလျနိုင်ငံ SMEC ကုမ္မဏီ နှင့် မိုင်းတုံလူထုတို့တွေ့ဆုံပြီးနောက်ပိုင်း အချက်ကြီး ၂ ချက်ပါသည့် ကြေငြာချက်တစောင်ကို မိုင်းတုံဒေသခံလူထုတို့က ထုတ်ပြန်လိုက်သည်။ အဆိုပါကြေငြာချက်တွင် - တည်ငြိမ်အေးချမ်းမှုကို ၂ နှစ် ၃ နှစ်ခန့်စောင့်ကြည့် သင့် ကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းလုပ်ဆောင်ခြင်းအားဖြင့် သံလွင်အထက်ပိုင်းရှိမြို့ရွာများ စေတီပုထိုးများ ရေလွှမ်းနိုင်ခြင်း စသည်တို့ကြောင့် အထက်သံလွင် (မိုင်းတုံ) ရေအားလျှပ် စစ်စက်ရုံတည်ဆောက်ရန်အတွက် မိုင်းတုံဒေသခံများ ဆန့်ကျင်ကန့်ကွက်သည် ဟုပါရှိ ပါသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းပန် နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အကြား မိုင်းတုံရေ အားလျှပ် စစ်စီမံကိန်းတည်ဆောက်ပါကပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှု ဆန်းစစ်လေ့လာ ခြင်း EIA နှင့် လူမှုပိုင်းဆိုင်ရာ ထိခိုက် သက်ရောက်မှုဆန်းစစ်လေ့လာခြင်း SIA တို့ကို စစ်တမ်း ကောက် ယူ ပေးရန် သြစတေး လျနိုင်ငံ အခြေစိုက် SMEC – environment and social impact assessment ကုမ္မဏီအား မြန်မာ အစိုးရ နှင့် ဆည်တည်ဆောက်ရေး ကုမ္မဏီများက ငှားရမ်းထားခြင်းဖြစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
သံလွင်မြစ်ကြီး ဘေးကင်း စေရေး မိုင်းတုံ ဒေသခံများ စုပေါင်း ဆုတောင်းပွဲ ကျင်းပ  သံလွင်မြစ်ကြီး ဘေးကင်း စေရေး မိုင်းတုံ ဒေသခံများ စုပေါင်း ဆုတောင်းပွဲ ကျင်းပ Reviewed by သစ်ထူးလွင် on 06:08 Rating: 5
Powered by Blogger.