ကျောင်းသားလှုပ်ရှားမှု ဓါတ်ပုံပြပွဲ တားမြစ်ခံရ

 ဒဂုံမြို့နယ် န၀ဒေးလမ်းက Think ပန်းချီပြခန်းမှ ကျောင်း သားလှုပ်ရှားမှု ဓါတ်ပုံပြပွဲကို ကြည့်ရှုနေစဉ်။ Photo: Kyaw Lwin Oo, San Maw Aung/ RFA
 အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်ကြ တဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို ပြသထားတဲ့ ဓါတ်ပုံပြပွဲကို မူလက ၃ ရက်ပြသဖို့ စီစဉ်ထား တာကနေ အခန်းပိုင်ရှင်က ဆက်လက်မပြတော့ဖို့ တားမြစ်တာကြောင့် ဒီနေ့နောက် ဆုံးပြသဖို့ ဆုံးဖြတ်လိုက်ရကြောင်း ဓါတ်ပုံသမားတွေ က ပြောပါတယ်။

ကျောင်းသားသပိတ် ဓာတ်ပုံပြပွဲကို ရပ်လိုက်ဖို့ ဆုံးဖြတ် လိုက်ရတာနဲ့ ပတ်သက်ပြီး ကျောင်းသားသပိတ် အစ အဆုံး မှတ်တမ်းတင်ခဲ့သူ ဓါတ်ပုံသတင်းထောက် ကိုဂျေပိုင် က ပြောပါတယ်။

"သူကတောင်းဆိုတာပါ၊ လုပ်ငန်းရှင်ကို သူက ရွှေပြည်သာတို့ဘာတို့မှာ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးပေါ့၊ ဒီတိုက်ကြီးတစ်ခုလုံကို သူပိုင်တာပေါ့၊ သူကလဲသိလို့လာတာမဟုတ်ဘူး၊ နောက်တော့မှ သူ့ဘာသာသိသွားတော့မှ တောင်းဆိုတာပေါ့၊ သူကအာဏာပိုင်နဲ့ ပြဿနာမဖြစ်ချင်လို့၊ ကျနော် ကလည်း အားလုံးနဲ့အဆင်ပြေချင်တော့ သူတောင်းဆိုတာကို လက်ခံလိုက်ပြီးတော့ ၂ ရက်ဘဲလုပ်မယ်ဆိုပြီးတော့ လုပ်လိုက်တာ၊ ဒါပေမယ့် ၃ ရက်မှာ ၂ ရက် လုပ်ဖြစ်တာတော့ မဆိုးပါဘူး၊ ပထမဆုံးဖွင့်ပွဲရော၊ ဒီနေ့ရောမဆိုးပါဘူး"

အဲဒီဓာတ်ပုံပြပွဲကို ဒဂုံမြို့နယ် န၀ဒေးလမ်းက Think ပန်းချီပြခန်းမှာ ဧပြီလ ၂၅ရက်က နေ မနက်ဖြန် ဧပြီလ ၂၇ ရက်နေ့အထိ ပြသဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံပြပွဲမှာ ကျောင်းသားသပိတ်စတင်ခဲ့တဲ့နေ့ကနေ မတ်လ ၅ ရက်နေ့ ရန်ကုန်မြို့ တော်ခန်းမရှေ့မှာ လက်ပတ်နီနဲ့ အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ပုံတွေ အပါအဝင် မတ်လ ၁၀ ရက် လက်ပံတန်း ကျောင်းသားသပိတ်ဖြိုခွင်းခံရတဲ့ပုံတွေ နဲ့ ကျောင်းသူ ကျောင်းသား တွေကို ရုံးထုတ်တဲ့ ပုံတွေ စုစုပေါင်း ၃၇ ပုံ ပြသခဲ့တာ ဖြစ်ပါတယ်။

ဒီဓာတ်ပုံပြပွဲကို ဓာတ်ပုံသတင်းထောက်တွေဖြစ်ကြတဲ့ ကိုဂျေပိုင်၊ ကိုစိုင်းဇော်၊ ကိုဟိန်း ထက်၊ ကိုတေဇာလှိုင်နဲ့ ကိုလမင်းထွန်း တို့ ၅ ဦးပေါင်းပြီး ပြုလုပ်ခဲ့တာပါ။

RFA Burmese
http://www.rfa.org/burmese
ကျောင်းသားလှုပ်ရှားမှု ဓါတ်ပုံပြပွဲ တားမြစ်ခံရ  ကျောင်းသားလှုပ်ရှားမှု ဓါတ်ပုံပြပွဲ တားမြစ်ခံရ Reviewed by သစ်ထူးလွင် on 07:32 Rating: 5
Powered by Blogger.