ကျောက်ဖြူတွင် ငါးဖမ်းလှေတစ်စီးနစ်မြုပ်


ပုံ- နစ်မြုပ်သွားသည့် ထူးထက်အောင် ၃၆ ငါးဖမ်းစက်လှေပေါ်မှ အသက်ရှင်လွတ်မြောက်လာသည့် လှေလုပ်သားများ။ Rakhine News Agency
 ကျောက်ဖြူမြို့၏ အနောက်ဘက် ပင်လယ်ပြင်တွင် လှေလုပ်သား ၁၆ဦးပါ ငါးဖမ်းလှေ တစ်စီး ဧပြီ ၈ရက် ညက နစ်မြုပ်ခဲ့သော်လည်း သေဆုံးမှု မရှိခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီ၈ရက် ည၉နာရီခွဲ အချိန်ခန့်တွင် ထူးထက်အောင်(၃၆) အမည်ရှိ ငါးဖမ်းစက်လှေမှာ ငါးဖမ်းပိုက်များသိမ်းဆည်းပြီးနောက် မောင်းနှင်နေစဉ် ပဲ့ပိုင်းစက်ခန်းအတွင်းသို့ ရေများရုတ်တရက် ၀င်ရောက်လာပြီး တစ်ဖြေးဖြေးနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ငါးဖမ်းစက်လှေမှ ပဲ့နင်းကြီး ဦးကျော်ရွှေကပြောသည်။

“မောင်းနေတုန်း ပဲ့ပိုင်းစက်ခန်းထဲကို ရုတ်တရက်ရေ၀င်ပြီး နစ်မြုပ်ခဲ့တာဖြစ်တယ်” ဟု ၄င်းကပြောသည်။

နစ်မြုပ်သွားသည့် ထူးထက်အောင် ငါးဖမ်းစက်လှေပေါ်တွင် လှေလုပ်သားစုစုပေါင်း ၁၆ဦးပါရှိပြီး အားလုံးအသက်ရှင်လျှက် ကယ်ဆယ်ရရှိကြောင်း ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှုရုံးမှ အတည်ပြုပြောကြားသည်။

ငါးဖမ်းစက်လှေ စတင်နစ်မြုပ်သည့်အချိန်တွင် အနီးရှိငါးဖမ်းစက်လှေများနှင့် ဓည၀တီရေတပ်စခန်းဌာနချုပ်မှ စစ်ရေယာဉ်အမှတ် ၅၉၉ တို့အား တယ်လီဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခံခဲ့ရာ စတင်နစ်မြုပ်ပြီး မိနစ် ၂၀ခန့်အကြာတွင် စစ်ရေယဉ်မှူး ဗိုလ်မှူး မိုးကျော်လွင် ဦးစီးသည့် အဖွဲ့ က လှေလုပ်သား၁၆ဦးစလုံးကို အသက်ရှင်လျက်ကယ်ဆယ် ရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

နစ်မြုပ်သွားသည့် ထူးထက်အောင်၃၆ ငါးဖမ်းစက်လှေမှာ အလျား ၈၃ပေ၊ အနံ၂၂ပေ၊ ရေစူး ၁၂ပေခန့်ရှိပြီး CUMMINS 500 BHP အမျိုးအစားအင်ဂျင် သစ်သားကိုယ်ထည်ဖြစ်သည်။ လှေပေါ်တွင် ငါးပိသာချိန် ၁၅၀၀ခ န့်ပါရှိသည်။ အဆိုပါငါးဖမ်းစက်လှေသည် လွန်ခဲ့သည့် ၇လခန့်မှစ၍ ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်တွင် ငါးဖမ်းလုပ်ငန်းများကို လာရောက်လုပ်ကိုင်နေခြင်းဖြစ်သည်။

မတ်လ ၁၃ရက်နေ့ကလည်း တောင်ကုတ်မြို့မှ စတင်ထွက်ခွာလာသော အောင်တံခွန်-၃ ခရီးသည်တင်သင်္ဘောသည် ခရီးသည် ၃၀၀ခန့်ကိုတင်ဆောင်၍ ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာစဉ် မြေပုံမြို့နယ်အနီး နစ်မြုပ်ခဲ့သည်။ သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူ အလောင်း ၆၄လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ၁၆၉ဦး အသက်ရှင်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ကျောက်ဖြူတွင် ငါးဖမ်းလှေတစ်စီးနစ်မြုပ်  ကျောက်ဖြူတွင် ငါးဖမ်းလှေတစ်စီးနစ်မြုပ် Reviewed by သစ်ထူးလွင် on 12:28 Rating: 5
Powered by Blogger.