စည်းကမ်းလိုက်ခြင်းဟာ သိက္ခာကျစရာမဟုတ်ပါ

 လွိုင်ကော်မြို့တနေရာတွင် ကျနော့်ဆိုင်ကယ်လေးကို ပုံမှန်မောင်းလာခိုက် ကျနော့်အနောက်ဖက်မှ အသက် ၂၅ နှစ်ဝန်းကျင် လူငယ်တစ်ဦး မောင်းလာသည့် အရှိန်အပြင်းပြင်း စက်သံပြင်းပြင်းနဲ့ ကျနော့် ဆိုင်ကယ်ဘေးမှ ဖြတ်မောင်း တက်သွားတာမြင်လိုက်လို့ ကျနော်အတော်ပင် ထိတ်လန့်သွားမိသည်။

မကြာပါဘူး။ ကျနော်လာရာလမ်းရှေ့ ခပ်လှမ်းလှမ်းတွင် "ဒုတ်" ဟူသောအသံတခုကို ကျယ်လောင်စွာ ကြားလိုက်ရသည်။ အသံကြားရာအနီးကို ကျနော်ရောက်သွားတော့ ကျနော့်ဘေး ကျော်တက် မောင်းနှင်သွားခဲ့သည့် လူငယ်၏ဆိုင်ကယ်နှင့် အသက် ၄၀ ၀န်းကျင်လူကြီး တဦး၏ ဆိုင်ကယ်တို့ အရှိန်အဟုန် ပြင်းစွာတိုက်မိသွားကြသည်။

နှစ်ဦးစလုံးဒါဏ်ရာအပြင်းအထန် ရရှိသွားကြတာကိုတွေ့လိုက်ရသကဲ့သို့ လူကြီးမှာ အခင်းဖြစ်သည့်နေရာ၌ပင် သတိလှစ်သွားသွားပြီး ထိုလူငယ်မှာမူ သွေးအိုင်ထဲတွင် လူးလွန့်ရင်း တအင်းအင်းနှင့်ညီးညူနေသည်။

၎င်းတို့၏ ဆိုင်ကယ်နှစ်စီးလုံးမှာမူ ဆိုင်ကယ်နှင့်မတူတော့ဘဲ ရစရာမရှိအောင် ပျက်စီးသွားသည်။ လမ်းသွား၊ လမ်းလာသူများ၏ အကူအညီကြောင့် သက်ဆိုင်ရာကို လှမ်းအကြောင်းကြားနိုင်ခဲ့သကဲ့သို့ လူနာနှစ်ဦးကိုလည်း လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်လိုက်နိုင်ခဲ့သည်။
(ဤကား ကျနော်၏ မျက်မြင်ယာဉ်တိုက်မှု တခုဖြစ်သည်။)

အခြားသောတိုင်းနှင့်ပြည်နယ်နည်းတူ ကယားပြည်နယ်အတွင်းတွင် ကား၊ ဆိုင်ကယ်များ တနေ့ထက်တနေ့ ပိုမိုများပြားလာနေသည်။ လွိုင်ကော်မြို့တွင်းတွင် ဆိုင်ကယ်အမျိုးမျိုးအရောင်းဆိုင်များ၊ အရစ်ကျစနစ် ဆိုင်ကယ်အရောင်းဆိုင်များစွာကို တွေ့နိုင်ပြီး တရုတ်ဖြစ်ဆိုင်ကယ်များ ဈေးပေါပေါဖြင့် ရရှိနိုင်သဖြင့် လူတန်းစားအလွှာအသီးသီးက ၀ယ်ယူနိုင်ကြသဖြင့် လက်ရှိကယားတပြည်နယ်လုံးတွင် မှတ်ပုံတင်ထားသည့် ဆိုင်ကယ်စီးရေ (၅၇၀၁၉) စီး နှင့် ဆိုင်ကယ်လိုင်စင်ရရှိထားသူ (၇၉၁၀၁)ဦး ရှိနေပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွန်ကြားမှုဦးစီးဌာန(က.ည.န)၏ စာရင်းများအရသိရသည်။
လွိုင်ကော်မြို့ မြင်ကွင်းတနေရာ (ဓါတ်ပုံ-ကေတီ)
ယခုလို လူတန်းစားအလွှာအသီးသီးမှ ဆိုင်ကယ်များကို အသုံးပြုလာနိုင်သောကြောင့် တဖက်တွင်သွားရေးလာရေးတွင် အဆင်ပြေချော့မွေ့လာသကဲ့သို့ တဖက်တွင်လည်း အန္တာရာယ်များစွာရှိနေသည်။

မူးယစ်ပြီးမောင်းနှင်ခြင်း၊ အလျှင်လို၍ အရှိန်မြင့်မောင်းနှင်ခြင်း၊ အသက်မပြည့်သေးပဲမောင်းနှင်ခြင်း နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအား လိုက်နာခြင်းမရှိပဲ ပရမ်းတတာမောင်းနှင်ခြင်းကြောင့် ကယားပြည်နယ်တွင် ၂၀၁၄ ခုနှစ်အတွင်း ယာဉ်တိုက်မှု(၁၃၃)မှု၊ ထိခိုက်ဒါဏ်ရာရ(၁၈၁)မှု၊ သေဆုံး(၄၃)ဦးရှိကြောင်း (ကညန)စရင်းကဖေါ်ပြထားသည်။

၂၀၁၄ ခုနှစ်၏ ယာဉ်တိုက်မှုသည် ၂၀၁၃ ခုနှစ်ထက်(၁၂) မှုတိုးလာပြီး သေဆုံးသူလည်း (၂၀)ဦးထိတိုးလာခဲ့သည်။

"ဘာကြောင့် ပိုလာတာလဲဆိုတော့ ယာဉ်တွေများပြားလာတာလည်း တစိတ်တပိုင်းပေါ့နော။ ဆိုင်ကယ်တွေက ပိုများလာတာပေါ့။ ပိုများလာပြီးတော့ ပြောမယ်ဆိုရင် စည်းကမ်းလိုက်နာမှုကလည်း ခုနပြောသလိုပေါ့ စည်းကမ်းကို မထီမဲ့မြင်ပြုတဲ့လူ၊ စည်းကမ်းကိုသိရဲ့သားနဲ့ မကြောက်တဲ့လူ၊ နောက်တခုကတော့ အရက်သေစာသောက်စားမူးယစ်တဲ့လူတွေပေါ့နော" ဟုလွိုင်ကော်(က.ည.န)ရုံး၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းစိုးစိုးဟတ်က ရှင်းပြသည်။

ယာဉ်မောင်းရာမှာ ချမှတ်ထားသည့် ယာဉ်စည်းကမ်းအတိုင်းလိုက်နာမောင်းနင်ရန်လိုအပ်သည့်အပြင် တပါးသူအတွက်ပါ သတိရှိရှိ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း သက်ဆိုင်ရာတို့ကအကြံပြုထားသည်။

" ကိုယ် သူများကိုမတိုက်ရင်တောင်မှ သူများကိုယ့်ကိုလာတိုက်နေတဲ့ သဘောမှာရှိနေတယ်လေ " ဟုပြည်နယ်အတွင်း စည်းကမ်းမဲ့ ယာဉ်မောင်းသည့်အခြေအနေကို ကယားပြည်နယ် Local Levelopment Network တာဝန်ခံဆရာမိုးစက်ကပြောသည်။
==========================================
၁။ ဆိုင်ကယ်စီးဦးထုပ်ဆောင်း မေးသိုင်းကြိုးသေချာစွာတပ်ရမည်။
၂။ ဆိုင်ကယ်စီးစဉ် ဖုန်းမပြောရ၊ ထီးမဆောင်းရ၊ လက်ကိုင်ကို လက်နှစ်ဖက်ဖြင့်ကိုင်၍စီးရမည်။
၃။ မီးရောင်ပြန်ပြား၊ နံပါတ်ပြားနှင့်နောက်ကြည့်မှန် တပ်ဆင်ရမည်။
၎။ အချက်ပြမီးကို မကွေ့မှီပေ(၁၀၀)မှ ကြိုတင်ပြရမည်။
၅။ ညဘက်စီးလျှင် မျက်နှာချင်းဆိုင်မှလာသူ မျက်စိမစူးရန် မီးအလင်းရောင်နှိမ့်ပေးရမည်။
၆။ လူစီးထိုင်ခုံတွင် (၁)ဦးထက်ပို မတင်ရ။ ရှေ့တွင်လူမတင်ရ။
၇။ ပစ္စည်းတင်လျှင် ထိုင်ခုံ၏နောက်သို့ (၁)ပေ၊ ဘေးသို့(၆)လက်မစီ ထပ်ပို၍ အစွန်းမထွက်ရ။ အမြင့်သည် စီးသူ၏ပခုံးထက်မမြင့်ရ။ ပစ္စည်းအလေးချိန်သည် ယာဉ်ကို မထိန်းနိုင်လောက်အောင် မလေးရ။
၈။ စက်သံဆူညံအောင်မြှင့်၍ မစီးရ။
၉။ အ၀တ်အစားများ အန္တရယ်ဖြစ် လောက်အောင် ပျံ့လွင့်ခြင်းမရှိရ။
၁၀။ အရက်၊ မူးယစ်ဆေးဝါး သုံးစွဲ၍ မောင်းနှင်ခြင်းမပြုရ။

လူအများစုသည် အထက်မှချမှတ်ပေးသည့် စည်းကမ်းချက်များကို သိရှိနေကြသော်လည်း လိုက်နာမှုအပိုင်းတွင် အားနည်းနေကြဆဲဖြစ်သည်။

ဆိုင်ကယ်မောင်းနှင်သည့် လူကြီး၊ လူငယ်အများစုသည်လည်း မူးယစ်ပြီးမောင်းနှင်ခြင်း၊ ဆိုင်ကယ်စီးဦးထုပ် ဆောင်းရန်ဝန်လေးခြင်း၊ ဆိုင်ကယ်နောက်ကြည့်မှန် တပ်ဆင်ခြင်းကို မနှစ်သက်ခြင်း၊ စက်သံဆူညံစေသည့် ပါဝါအိတ်ဇောများ တပ်ဆင်ခြင်းကို သဘောတွေ့ခြင်း စသည့်အယူအဆမှားများနောက်သို့ လိုက်နေကြသည်ကို တွေ့နေရသည်။

ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းကြသောကြောင့် ယာဉ်တိုက်မှုဖြစ်ပေါ်လျှင် အများစုမှာ အသက်မဆုံးရှုံးသင့်ပဲ အသက်ဆုံးရှုံးနေကြရသည်။

ကညန နှင့် ယာဉ်ထိန်းဌာနများ ပူးပေါင်းပြီး နှစ်စဉ်ပညာပေးဟောပြောပွဲများကို တနှစ်လျှင်နှစ်ကြိမ် တောရွာအရောက် နယ်လည့်ဟောပြောခြင်း၊ ရပ်ကွက်အလိုက်ဟောပြောခင်းအပြင်၊ သူနာပြုသင်တန်းကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်း နှင့် အထက်တန်းကျောင်း၊ တက္ကသိုလ်ကျောင်း စသည့်နေရာတွင် ပြုလုပ်နေသော်လည်း စည်းကမ်းလိုက်နာမှုအပိုင်းတွင် အားနည်းနေဆဲဖြစ်ကြောင်း ဒေါ်နန်းစိုးစိုးဟတ်က ခုလိုပြောသည်။

" ကယားပြည်နယ်လို့တော့မဟုတ်ဘူးပေါ့နော၊ တနိုင်ငံလုံးအနေနဲ့ယာဉ်စည်းကမ်း လိုက်နာမှုဆိုရင်တော့ တော်တော်တော့အားနည်းတယ်လို့ ပြောလို့ရတယ် "

ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသိရှိမှု ပိုမိုကျယ်ပြန့်လာရန် တိုးမြင့်လုပ်ဆောင်သွားရာတွင် အစီအစဉ်များ ချမှတ်ရေးဆွဲထားသည့်အပြင် ကားမောင်းလိုင်းစင်နှင့် ဆိုင်ကယ်မောင်းလိုင်းစင် သင်တန်းများကို မေလတွင်စတင်မည်ဖြစ်ပြီး ဌာနအခက်အခဲအချို့ကြောင့် လစဉ်နောက်ဆုံးအပတ်မှအပ ပထမပတ်မှ တတိပတ်အထိ တနင်္လာနေ့တိုင်းဆိုင်ကယ်မောင်းလိုင်စင် နှင့် ဗုဒ္ဓ္ဓဟူးနေ့တိုင်းကားမောင်းလိုင်စင်များ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ဒေါ်စိုးစိုးဟတ်ပြောသည်။

အသက်မပြည့်သေးသည့် ကလေးများ ဆိုင်ကယ်မောင်းနှင်နေကြသည့် အခြေအနေနှင့်ပတ်သက်ပြီးလည်း ကညန နှင့် ယာဉ်ထိန်းဌာနတို့မှ ကျောင်းများသို့သွားရောက်ကာ အသိပညာပေးဟောပြောပွဲများ အစဉ်အမြဲပြုလုပ်နေသကဲ့သို့ မိဘများအနေဖြင့်လည်း အသက်မပြည့်သေးသည့် ၎င်းတို့၏ သား/သမီးများကို ယာဉ်မောင်းနှင်ခွင့်မပြုရန် သူမက မေတ္တာရပ်ခံထားသည်။

ယာဉ်တိုက်မှုလျော့ချရန်အတွက် ယာဉ်ထိန်းရဲများအနေဖြင့် ကား၊ ဆိုင်ကယ် အသွားအလာများသည့် မီးပွိုင့်၊ အန္တရာယ်များသည့်လမ်းဆုံလမ်းခွ၊ ယာဉ်ရှုပ်ထွေးသည့် နေရာအားလုံးတွင် ယာဉ်ထိန်းရဲများ အချိန်ပြည့်စောင့်ကြည့်သင့်သကဲ့သို့ စည်းကမ်းချိုးဖောက်သည့် သူများကို ထိရောက်စွာအရေးယူမှုများပြုလုပ်သင့်ကြောင်းဆရာမိုးစက်ကခုလိုပြောသည်။

" ယာဉ်ထိန်းရဲတွေကတော့ မီးပွိုင့်တွေမှာ လမ်းဆုံလမ်းခွတွေမှာ လူများတဲ့ ကားသွားလာများတဲ့နေရာတွေမှာ သူတို့ရှိပေးနိုင်ရင်တော့ မဆိုးဘူးအဲဒါမှဘဲသက်သာမယ်။ ယာဉ်တိုက်မှုတွေနည်းမှာပေါ့ သူတို့ကပုံမှန်လေးလုပ်ပေးနိုင်ရင်မဆိုးဘူး "

လိုင်စင်မဲ့နှင့် စည်းကမ်းချိုးဖောက်သည့်ယာဉ်များကို အစီအစဉ်နှစ်ရပ်ဖြင့် အရေးယူမှု ပြုလုပ်သည်ဟု သိရသည်။

က.ည.နမှပြုလုပ်သည့်အစီအစဉ်မှ ရရှိသည့်ငွေများကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ်သွင်းရပြီး ပြည်နယ်မှပြုလုပ်သည့်အစီအစဉ်မှ ရရှိသည့်ငွေများကိုမူ ယာဉ်စည်းကမ်းအတွက် လိုအပ်သည့်အစီအစဉ်များ၊ မီးပွိုင်များနှင့် သတိပေးဆိုင်းဘုတ်များတပ်ဆင်ရာတွင် ပြန်လည်အသုံးပြုသွားရကြောင်း သိရသည်။

ယာဉ်ထိန်းရဲများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သည့် ယာဉ်မောင်းများအား အရေးယူဖမ်းဆီးမှုများ ပြုလုပ်ရာတွင် ဘက်လိုက်မှုမရှိပဲ တန်းတူအရေးယူရန် နှင့် ဒါဏ်ငွေကိုလည်း လျော့ချသတ်မှတ်ပေးသင့်သည်ဟု ဆိုင်ကယ်မောင်းသူ ကိုဘိုဘို ဆိုသူက ခုလိုပြောသည်။

"ဖမ်းမယ်ဆိုရင်တော့အကုန်ဖမ်းရမယ်ပေါ့ အစိုးရဝန်ထမ်းကစ တခါတလေဆိုရင် အစိုးရဝန်ထမ်းတွေ ကိုလွတ်ပေးတာပေါ့ ပြည်သူလောက်ပဲ သူတို့ဖမ်းတာကော အစိုးရဝန်ထမ်းတွေဆိုရင် အကုန်လွတ်ပေးတယ် အဲလိုမျိုးခါကျတော့ မျက်နှာမလိုက်သင့်ဘူးပေါ့ အဲဒါတွေ့ဖူးတယ်"

အရေးကြီးပြီးအချက်အခြာကျသည့်နေရာများ နှင့် တလမ်းမောင်း (One Way) ကဲ့သို့ နေရာများ၌လည်း သိသာထင်ရှားသည့် သတိပေးသင်္ဂတများကို ထင်ရှားစွာပြသထားပေးရန်နှင့် အများပြည်သူများ ကောင်းမွန်စွာသိရှိနိုင်ရန် ပြုလုပ်ပေးရန်လိုကြောင်း ဆရာမိုးစက်ကပြောသည်။

" ဒီလမ်းက ဒီသင်္ကေတ ဒီလိုရှိပါတယ်ဆိုတဲ့ဟာကို သူတို့လုပ်ပေးဖို့ ဒီ့ထက်အကျယ်တဝင့်လုပ်ပေးဖို့ ခဏခဏပြောပေးဖို့လိုအပ်တယ် ဆိုတော့ဒီကယားပြည်နယ်မှာက ဒီလိုမျိုးဟာတွေက အရင်တုန်းကလဲ မလုပ်ဖူးဘူး ဆိုတော့လူတွေက မသိကြဘူး လူတွေမသိကြတာနဲ့ ဒီအတိုင်းဘဲ ဘလိုင်းကြီးလူတွေကို အဲနားမှာ စောင့်ဖမ်းတာကအဲဒါတစ်ခုက နည်းနည်းဆိုးတယ်။ ရွာကလူတွေဆို သူတို့အတွက် လုံးဝအဆင်မပြေနိုင်ဘူး သိမှမသိတာ"

ကယားပြည်နယ်တွင် လိုင်စင်မဲ့ယာဉ်များ အများပြားနေသေးကြောင်းသိရသည်။ လိုင်စင်မဲ့ယာဉ်နှင့် ပတ်သက်ပြီးဖေဖော်ဝါရီလမှစတင်ကာ စစ်ဆေးဖမ်းဆီးမှုများပြုလုပ်တော့မည်ဖြစ်ပြီး ထူးခြားသောအချက်နှစ်ချက်အဖြစ် ဖမ်းဆီးရမိသော လိုင်စင်မဲ့ယာဉ်များကို ပြန်ပေးတော့မည်မဟုတ်ပဲ အပြီးသိမ်းလိုက်မည်ဖြစ်ပြီး လေလံပစ်မည်ဟုသိရသည်။

ပြည်သူများအနေဖြင့် ၎င်းတို့၏ ယာဉ်များကို လေလံပြန်ဆွဲရမည်ဖြစ်ပြီး မဆွဲနိုင်လျှင် အရှုံးခံရမည်ဖြစ်သည်။

ထို့ကြောင် က.ည.နအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် လိုင်စင်မလုပ်ရသေးပဲ ကျန်နေသူများအား ၂၀၁၅ခုနှစ်အတွင်းလုပ်ဆောင်ပေးသွားမည်ဟု ဒေါ်စိုးစိုးဟတ်ကဆိုသည်။

“အဲ့လိုလုပ်ပေးတဲ့ခါမှာ ကိုယ့်ရဲ့သဘောဆန္ဒအရလာပြီးတော့မှ ဒီဆိုင်ကယ်လိုင်စင်တွေကို လုပ်လို့ရတယ်။ အရင်လိုတော့ အခွန်နှုန်းကတော့ အရင်တုန်းက စီမံချက်နဲ့တုန်းကတော့ အခွန်နှုန်းတွေ သက်သာတယ်လေ။ ဒါပေမဲ့ အဲ့ဒီအချိန်မှာလည်း နောက်ဆုံးထားပြီးလုပ်ပါ အကြိမ်ကြိမ်ပြောပြီးသားပဲ။ လာမလုပ်ပဲ ကျန်တဲ့သူတွေအတွက်ကတော့ အခုဆိုရင် ဆိုင်ကယ်တန်ဖိုးရဲ့ ငါးဆယ်ရာခိုင်နှုန်းကိုတော့ ဒါဏ်ငွေဆောင်ရမှာပေါ့" ဟု သူမကပြောသည်။

အချုပ်အားဖြင့် ကယားပြည်နယ်အတွင်းတွင် နှစ်စဉ်ယာဉ်များတိုးပွားလာသည့်အတွက် ပြည်သူများစည်းကမ်းလိုက်နာမှုအပိုင်းတွင် ဆက်လက်အားနည်းနေမည်ဆိုပါလျှင် ရေရှည်တွင် ဆိုးကျိုးများသာပိုမိုတွေ့ကြုံလာမည်ဖြစ်ပြီး ပြည်သူများအားလုံး တလေးတစားလိုက်နာရန် လိုအပ်ကြောင်းနှင့် ယာဉ်စည်းကမ်းနှင်ပတ်သက်သည့် တာဝန်ရှိများကလည်း တိကျပြီးသေသပ်သည့်စည်းကမ်းချက်များနှင့်အရေးယူမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

Written by စောစီခို၊ ဟိုစဲနာ
ကန္တရဝတီတိုင်း
http://www.ktimes.org
စည်းကမ်းလိုက်ခြင်းဟာ သိက္ခာကျစရာမဟုတ်ပါ  စည်းကမ်းလိုက်ခြင်းဟာ သိက္ခာကျစရာမဟုတ်ပါ Reviewed by သစ်ထူးလွင် on 05:39 Rating: 5
Powered by Blogger.