လန်ဒန်မြို့စိန်တိုက်တစ်ခု၌ အာမခံသေတ္တာ အလုံး ၃ဝဝ ခိုးယူခံရ


လန်ဒန် ၊ ၉-၄-၂ဝ၁၅

ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ် ရှိ စိန်တိုက် တစ်ခု အတွင်းမှ အာမခံ သေတ္တာ အလုံး ၃ဝဝကို သူခိုးများက ဖောက်ထွင်း ခိုးယူခဲ့ကြောင်း ရဲဌာနနှင့် မီဒီယာ က ဧပြီ ၇ ရက်တွင် ထုတ်ပြန် ပြောကြား ခဲ့သည်။

အဆိုပါ ဖောက်ထွင်းမှု သည် အီစတာ ပွဲတော် ရက်သတ္တပတ် ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့၏ ဖော်ပြချက် အရ သူခိုးများသည် အာမခံသေတ္တာ များကို ဖောက်ထွင်း ရာ၌ ကြီးမားသည့် ပစ္စည်း ကိရိယာများကို အသုံးပြု ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖောက်ထွင်းမှု သည် ဟတ်တန်ဂါးဒင်း စိန်တိုက်၌ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွား ပြီးနောက် ရဲတပ်ဖွဲ့သို့ ဧပြီ ၇ ရက် နံနက် ၈ နာရီ ၁ဝ မိနစ်တွင် အကြောင်းကြား ခဲ့ခြင်း ဖြစ်သည်။ သူခိုးများနှင့် အတူ အဖိုးတန် ပစ္စည်း မည်မျှပါရှိ သွားသည်ကိုမူ မခန့်မှန်း နိုင်သေးကြောင်း နှင့် မှုခင်းရဲ အရာရှိများ အနေဖြင့် အခင်း ဖြစ်ပွားမှုကို စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

သူခိုးများသည် အာမခံ စိန်တိုက် အဆောက်အအုံ ၏ ရှုပ်ထွေးသော အချက်ပေး စနစ်ကို ထိန်းချုပ် နိုင်ခဲ့ကြကြောင်း The Daily Telegraph သတင်းစာက ဖော်ပြထားသည်။ ထို့အပြင် အဆိုပါ စိန်တိုက် အတွင်း၌ အာမခံ သေတ္တာ အလုံး ၆ဝဝ ခန့်ကို ထားရှိကြောင်း Sky News ရုပ်မြင်သံကြားက ပြောကြား ခဲ့သည်။

ယင်း အာမခံသေတ္တာ များကို ပြည်တွင်း ကျောက်မျက် ရတနာ ကုန်သည်များက အသုံးပြုကြပြီး ကျောက်မျက် ပစ္စည်းပေါင်း များစွာကို ၄င်းတို့ အတွင်း၌ ထည့်သွင်း၍ သိမ်းဆည်းထား ကြကြောင်း သိရသည်။

ဟတ်တန်ဂါးဒင်း ရှိ ကျောက်မျက် ရတနာ ကျွမ်းကျင်သူ လီဝစ်မောကာ က ယင်း ဖောက်ထွင်းမှုတွင် ဖောက်သည် တစ်ဦး၏ ရှေးဟောင်း လက်ကောက်လည်း အခိုးခံခဲ့ ရကြောင်း ပြောကြား ခဲ့သည်။ ၁၉၇၅ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်တွင်လည်း ဟတ်တန်ဂါးဒင်း ၌ ဖောက်ထွင်းမှု နှစ်ကြိမ် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
လန်ဒန်မြို့စိန်တိုက်တစ်ခု၌ အာမခံသေတ္တာ အလုံး ၃ဝဝ ခိုးယူခံရ  လန်ဒန်မြို့စိန်တိုက်တစ်ခု၌ အာမခံသေတ္တာ အလုံး ၃ဝဝ ခိုးယူခံရ Reviewed by သစ်ထူးလွင် on 18:53 Rating: 5
Powered by Blogger.