ရန်ကုန်မြို့ရှိ ကားများ မီးခိုးထွက်မှုပေါ် စစ်ဆေးပြီး အရေးယူမည်


 ရန်ကုန် ဧပြီ ၂၄

 ယခုနှစ် နှစ်လယ်ပိုင်းမှစ၍ ရန်ကုန်မြို့၌ မော်တော်ယာဉ်များ မောင်းသည့်အခါ မီးခိုးထွက်မှု အနည်းအများကို စက်ဖြင့် စစ်ဆေးပြီး အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရေး အသင်း၏ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''ရန်ကုန်မြို့မှာ ကားစီးတဲ့သူတွေက ကိုယ့်ကားရဲ့ မီးခိုးထွက်မှုကြောင့်ပြည်သူတွေရဲ့ ကျန်းမာရေး ဘယ်လောက် ထိခိုက်သွားလဲ၊ သဘာဝသယံဇာတ ပစ္စည်းတွေ ဘယ်လောက် ပျက်စီးသွားလဲဆိုတာကို မကြည့်ကြဘူး။ ဒါကြောင့် အခုနှစ် နှစ်လယ်ပိုင်းမှစပြီး ရန်ကုန်မြို့မှာရှိတဲ့ ယာဉ်အားလုံးရဲ့မီးခိုးထွက်မှုကို စက်နဲ့စစ်ဆေးမယ်။ အဲဒီလိုစစ်ဆေးလို့ လိုအပ်တာထက် ပိုထွက်တဲ့ကားတွေကို အရေးယူမယ်''ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ရှိ မော်တော်ယာဉ်များ မီးခိုးထွက်မှုပေါ် စစ်ဆေး၍ အရေးယူမှု ပြုလုပ်မည့် အစီအစဉ်ကို မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရေး အသင်းနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာများ အသင်းတို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဆေးသည့် စက်များကို ဂျပန်နိုင်ငံမှ မှာယူသွားမည်ဖြစ်သည်။ အဆိုပါ စက်ဖြင့် ယာဉ်များ၏ မီးခိုးထွက်မှုကို စစ်ဆေးသည့်နေရာတွင် မီးခိုးထွက်မှုကို အဆင့်များ သတ်မှတ်၍ စစ်ဆေးမည် ဖြစ်သကဲ့သို့ မီးခိုးထွက်ရှိမှုများသည့် ယာဉ်များကို ငွေဒဏ်နှင့် လိုင်စင်သိမ်းသည် ပြစ်ဒဏ်များကို ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းရှိ မော်တော်ယာဉ်များကို စက်ဖြင့် စစ်ဆေးပါက မီးခိုးအထွက်များသည့် မော်တော်ယာဉ်များအား မြို့တွင်းမောင်းရသည့် မော်တော်ယာဉ်၏ အင်္ဂါရပ်ဖြင့် မညီသည့်အတွက် နယ်မြို့များကို ပြောင်းရွှေ့မောင်းနှင်ရန် သတ်မှတ်သွားမည် ဖြစ်သည်။ နောက်ပိုင်းတွင် နယ်မြို့များရှိ ဆိုင်ကယ်များမှ မီးခိုးထွက်ရှိမှုကို တိုင်းတာစက်ဖြင့် တိုင်းတာစစ်ဆေး၍ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ရန်ကုန်မြို့ရှိ ကားများ မီးခိုးထွက်မှုပေါ် စစ်ဆေးပြီး အရေးယူမည်  ရန်ကုန်မြို့ရှိ ကားများ မီးခိုးထွက်မှုပေါ် စစ်ဆေးပြီး အရေးယူမည် Reviewed by သစ်ထူးလွင် on 11:04 Rating: 5
Powered by Blogger.