အာဖဂန်နစ္စတန် ရှေ့နေချုပ်ရုံးကို သေနတ်သမားများ ၀င်စီး၊ ၁၀ ဦး သေဆုံး


 အာဖဂန်နစ္စတန်နိုင်ငံ ဘားလ်ခ်ခရိုင်မြောက်ပိုင်းက ခရိုင်ရှေ့နေချုပ်ရုံးကို ဧပြီ ၉ ရက်နေ့က သေနတ်သမားတွေ စီးနင်း တိုက်ခိုက်ခဲ့လို့ လူ ၁၀ ဦး သေဆုံးပြီး တခြားလူ ၆၃ ယောက် ဒဏ်ရာရတယ်လို့ တရားဝင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အသေခံဝတ်စုံတွေ ဝတ်ထားပြီး လက်နက်ကိုင်ထားတဲ့ အကြမ်းဖက်သမား ၅ ဦး၊ ၆ ဦးက ရုံးတွင်း မဝင်လာခင် ရဲအစောင့်ကို သတ်ပြီးမှ ရုံးထဲကို ရိုင်ဖယ် သေနတ်တွေနဲ့ စီးနင်း တိုက်ခိုက်ခဲ့တာပါ။ သေနတ်သံတွေကို ညနေထိ ကြားရဆဲလို့ မီဒီယာတွေက အစီရင်ခံပါတယ်။ ရဲနဲ့ တရားရုံးဝန်ထမ်းတွေလည်း အသတ်ခံခဲ့ရတယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။

ဒဏ်ရာရသူတွေကိုတော့ ဆေးရုံ တင်ပို့ထားရပါတယ်။ တချို့လူနာတွေကတော့ အသည်းအသန် အခြေအနေမှာ ရှိနေပါတယ်။ တခြား အရာရှိအများအပြားနဲ့ ဧည့်သည်တွေကိုတော့ လုံခြုံရေးတပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့ရပါတယ်။
တာလီဘန်တွေက ဒီတိုက်ခိုက်မှုကို လုပ်ကြောင်း အခိုင်အမာ ပြောခဲ့ပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံတွင်း နေတိုးခေါင်းဆောင်တဲ့ တပ်တွေဆီကနေ အာဖဂန်လုံခြုံရေးတပ်က လုံခြုံရေးတာဝန်ကို အပြည့်အဝ လွှဲယူထားခဲ့အပြီး ခုလို တိုက်ခိုက် ခံရတာပါ။

လတ်တလောမှာ တာလီဘန်စစ်သွေးကြွတွေက နိုင်ငံတလွှား တိုက်ခိုက်မှုတွေ တိုးလာပြီး တိုက်ခိုက်ရေးရာသီလို့ သိကြတဲ့ အာဖဂန်နစ္စတန်ရဲ့ နွေဦးနဲ့ နွေရာသီလည်း ရောက်တော့မှာပါ။ .

ဧပြီ ၉ ရက်နေ့မှာတော့ လဂ်မန်ခရိုင် အရှေ့ပိုင်းက လေကြောင်းတိုက်ခိုက်မှု အတွင်း ခရိုင် အုပ်ချုပ်ရေးမှူး အပါအဝင် တာလီဘန် စစ်သွေးကြွ ၁၀ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ တာလီဘန် ဦးဆောင်တဲ့ တိုက်ခိုက်မှုနဲ့ ပဋိပက္ခတွေကြောင့် အရပ်သား အယောက် ၃၇၀၀ နီးပါး သေဆုံးပြီး အယောက် ၆၈၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
အာဖဂန်နစ္စတန် ရှေ့နေချုပ်ရုံးကို သေနတ်သမားများ ၀င်စီး၊ ၁၀ ဦး သေဆုံး  အာဖဂန်နစ္စတန် ရှေ့နေချုပ်ရုံးကို သေနတ်သမားများ ၀င်စီး၊ ၁၀ ဦး သေဆုံး Reviewed by သစ်ထူးလွင် on 12:05 Rating: 5
Powered by Blogger.