ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲကိစ္စ သမ္မတနှင့် နိုင်ငံရေးခေါင်းဆောင် ၄၀ ကျော်ဆွေးနွေး


ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးနဲ့ ရွေးကောက်ပွဲ ကိစ္စတွေကို သမ္မတ၊ တပ်မတော်၊ လွှတ်တော်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ၄၀ ကျော်တို့ ဒီကနေ့ ညနေ နေပြည်တော် သမ္မတ အိမ်တော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးအမြန်ဆုံးရရှိရေး၊ ၂၀၁၅ ရွေးကောက်ပွဲ အေးအေးချမ်းချမ်းကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲမတိုင်ခင် ကြားကာလ တည်ငြိမ်းရေး၊  ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အေးအေး ချမ်းချမ်း အာဏာလွဲပြောင်းပေးဖို့ အဓိက ထားဆွေးနွေးခဲ့ကြတာပါ။

အစည်းအဝေးပွဲတက်ရောက်ခဲ့တဲ့  ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က “နှစ်ပေါင်း ၆၀ မှာ ကြုံတောင့်ကြုံခဲ မတ်လ ၃၁ ရက်နေ့က   (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် မူကြမ်းကို သဘောတူလက်မှတ်ထိုးနိုင်ခဲ့တယ်။ ဒါလည်း မြန်မာနိုင်ငံမှာ သမိုင်းမှတ်တိုင်တခုပါပဲ။ အဲဒါကို အတည်ပြုပြီးရင် အပစ်ရပ်စာချုပ်ကို ကျနော်တို့ တရားဝင်ထိုးဖို့ ကျန်ပါတယ်။ ပြီးရင် နိုင်ငံရေးမူဘောင် တွေဆွဲရမယ်၊အဲဒီ အစီစဉ်တွေ အမြန်ဆုံးလုပ်နိုင်ဖို့ ၀ိုင်းဝန်ဆွေးနွေးကြပါတယ်”လို့ ပြောပါတယ်။

ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်ကူညီပေးဖို့ ဆန္ဒရှိတဲ့ အကြောင်း ပြောကြားခဲ့တယ်လို့လည်း ဦးဇော်အေးမောင်ကပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် တတ်နိုင်သလောက်ဝင်ကူညီပေးမယ်လို့ ပြောပါတယ်။ နောက်ဒီ ၂၀၁၅ ရွေးကောက်ပွဲကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ဥက္ကဋ္ဌ ဦးတင်အေးက အာမခံပြောတဲ့အတွက် သူလည်းပဲ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပလိမ့်မယ်လို့ သူယုံကြည်တယ်။ မျှော်လင့်တယ်လို့ သူပြောသွားတယ်။”

သမ္မတဦးသိန်းစိန်က လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့  ပတ်သက်ပြီး ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးကြဖို့ပြောကြားသွားခဲ့ပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာတော့  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်ဦးလည်း တက်ရောက်ခြင်းမရှိဘဲ ဆွေးနွေးပွဲ တက်ရောက်သူ စုစုပေါင်း ၄၂ ဦးရှိတယ်လို့ သိရပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no
ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲကိစ္စ သမ္မတနှင့် နိုင်ငံရေးခေါင်းဆောင် ၄၀ ကျော်ဆွေးနွေး  ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲကိစ္စ သမ္မတနှင့် နိုင်ငံရေးခေါင်းဆောင် ၄၀ ကျော်ဆွေးနွေး Reviewed by သစ်ထူးလွင် on 21:54 Rating: 5
Powered by Blogger.