စစ်တပ်မှ ပိုင်နက်ကျူးလွန်မှုဖြင့်တရား စွဲဆိုထားခြင်းခံရသော ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူး ကျေးရွားမှ တောင်သူ ငါးဦးအား အမိန့် ချမှတ်သွားပြီးနောက် ဒေသခံတောင်သူများ ၊ လူထုအခြေပြုအသင်းအဖွဲ့များနှင့် တောင်သူလယ်သမားသမ္မဂ အဖွဲ့များစုစုပေါင် လူဦးရေ ၄၀၀ ကျော်က ဖရူဆိုမြို့တွင် တောင်သူအရေး ချီတက်ဆန္ဒပြဖော်ထုတ်ပွဲ ကျင်းပသွားကြသည်။
ယနေ့ ဧပြီလ ၂၇ ရက်နေ့ ဖရူဆိုမြို့ တရားရုံးတွင် အမှတ် (၅၃၁) တပ်မှ တောင်သူငါးဦးအပေါ် တရားစွဲဆိုထားမှုကိစ္စကို တရားရုံးမှ အမိန့် ချမှတ်ပြီးနောက် ဖရူဆိုမြို့နှင့် လွိုင်ကော်မြို့လမ်းမ ပေါ်တွင် တောင်သူများနှင့် လထုအခြေပြုလူမှုအဖွဲ့များ စုစုပေါင်း လူအင်အား ၄၀၀ ကျော်က ကား ၊ ဆိုင်ကယ် ၊ ခြေလျှင်ဖြင့် ဆန္ဒပြချီတက်ခဲ့ကြခြင်းဖြစ်သည်။
ကရင်နီပြည်လူငယ်များသမ္မဂ အတွင်းရေးမှူး လွီဇီငြိမ်းက “ ဒီအမိန့်ကိုချလိုက်ခြင်းအားဖြင့် ကျနော်တို့တောင်သူတွေကို သူခိုးပါလို့ သူခိုးပါလို့ စွပ်စွဲတာနဲ့တူတူပဲ သွယ်ဝိုက်ပြီးတော့ ခင်ဗျားတို့ကသူများရဲ့ခြံကိုကျူးကျော်သွားနေတယ်လို့ ပြောလိုက်တာနဲ့ တူတူပဲ အဲ့ဒါကြောင့် ဒီနေ့ ငါးရာတန်တဲ့ ကျနော်တို့တောင်သူတွေကို သိက္ခာကျစေတဲ့ လုပ်ရက်မျိုးနှောင် ဘယ်တော့မှမလုပ်ပါနဲ့လို့တောင်းဆိုချင်တယ်။” ဟု ပြောသည်။
တရားစွဲဆိုခံခဲ့ရသည့် ဦးသဲရယ်နှင့် ဦးဆူရယ်မှာ ပြစ်မှုကင်းလွတ်ပြီး ကိုတူရယ်နှင့် ကျန်တောင်သူ ၂ ဦးအား ထောင်ဒဏ် ၁၅ ရက်သို့မဟုတ် ငွေဒဏ် ငါးရာကျပ်ပေးဆောင်ရန်ဟု ချမှတ်ခဲ့သည်။ ဘိုးဘွားပိုင်မြေဖြစ်သည့်အတွက် တောင်သူများနစ်နာမှုမရှိစေရန် ထိုသို့ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဖရူဆိုမြို့နယ်တရားသူကြီး ဦးဇင်လင်းသန့်က ပြောသည်။
“တပ်ကနောက်မှသိမ်းတယ်ပေါ့ နောက်ပြီး ပြည်ထောင်စုလွှတ်တော်က လည်းဒီမြေနဲ့ပတ်သက်ပြီးတော့ သူတို့ကိုနစ်နာမှု မရှိဖို့အတွက်ကိုပြန်လည်ပြီးတော့ ဆောင်ရွက်ပေးဖို့အတွက်ကို စီစဉ်နေတဲ့ကာလ မိုလို့ ကျနော်ကြီးလေးတဲ့ ပြစ်ဒဏ် ချမှတ်ဖို့မသင့်လို့ဆိုပြီးတော့ ဒီငွေဒဏ်ရိုက်လိုက်တာပေါ့နော်။” ဟု ပြောသည်။
၂၀၁၄ ခုနှစ် မေလ၂၇ ရက်နေ့ကဖရူဆိုမြို့နယ် အမှတ်(၅၃၁)တပ်ရင်းမှ သိမ်းယူထားသော လယ်ယာမြေများပေါ်တွင် ဒေသခံ ဆိုလျားကူး တောင်သူ ၃၀၀ ခန့်ချီတတ်ကာ ထွန်တုံး တိုက်ပွဲ ဆင်နွှဲခဲ့စဉ် ဦးဆောင်သူ ငါးဦးအား စစ်တပ်က ပိုင်နက်ကျူးလွန်မှုဖြင့် စစ်တပ်က တရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။
အမှတ် (၅၃၁) တပ်ရင်းသည် ၁၉၉၃ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တပ်ရင်း တည်ဆောက်နေသည့် နေရာနှင့် ဆက်စပ်မှုမရှိဘဲ သီးခြားတည်ရှိနေသည့် ဆိုလျားကူးကျေးရွာရှိ ဒေသခံများ၏ ခန့်မှန်းခြေစိုက်ပျိုးမြေဧက (၆၀၀) ကျော်ကို တိုးချဲ့ သိမ်းယူထားခဲ့ခြင်းဖြစ်သည်။
ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂဥက္ကဌ ကိုသဲရယ်က “ နှစ်ပေါင်းထောင်ချီပြီးတော့ ရှိလာတဲ့ရွာဖြစ်တယ် ၅၃၁ တပ်ရင်းက မနေ့တနေ့ကမှ တပ်ရင်းကိုလာထိုင်းပြီး မြေသိမ်းတယ် ပြီးတော့မှ တောင်ယာထဲကိုသွားတဲ့ ဆိုလျားကူးရွာသူရွာသားတွေကို တရားစွဲတာကိုတော့ မတရားဘူး။” ဟု ပြောသည်။
ကယားပြည်နယ် လယ်ယာမြေပြဿနာ ဆိုလျားကူးကိစ္စအပါအဝင် ၊ စစ်ရေးလေ့ကျင့်ကျောင်း တည်ဆောက်မှုတွင် သိမ်းဆည်းခဲ့ကြသည့်မြေများ နှင့် တခြားသောမြို့နယ်ထဲများတွင် သိမ်းဆည်းခံရသည့် လယ်ယာမြေပြဿနာများစွာရှိနေသည့်အတွက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှလည်း ခေါင်းစဉ်ကြီးတစ်ခုအနေဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွား မည်ဖြစ်ကြောင်း လွိုင်ကော်မြို့ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ်က ပြောသည်။
ဆန္ဒဖော်ထုတ်မှုများတွင် ကြွေးကြော်သံများ မြန်မာနိုင်ငံတော်သီချင်းကိုလည်းသီဆိုခဲ့ကြပြီး သိမ်းဆည်းထားသော မြေယာများပြန်လည်ရရှိရေး ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆန္ဒပြတောင်းဆိုသွားကြသည်။
လက်ရှိအခြေနေတွင် ဒီမော့ဆိုမြို့နယ် ဒေါဆိုရှေးတောင်သူများ ကိုလည်း အမှတ်(၃၆၀)အမြောက်တပ်မှ တောင်သူ ၇ ဦးနှင့် လယ်ထွန်စက် မောင်းနှင်သူ ၃ ဦးတို့အား ပိုင်းနက်ကျူးကျော်မှု တရားစွဲဆိုမှုတွင်လည်း လာမည့်ဧ ပြီလ ၃၀ ရက်နေ့မှာပင် အမိန့် ချသွားမယ်ဟု သိရသည်။
ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
မတရားသိမ်းဆည်းခံ လယ်ယာမြေ ပြန်လည်ရရှိရေး တောင်သူ ၄၀၀ ကျော် ဆန္ဒပြချီတက်
Reviewed by သစ်ထူးလွင်
on
18:55
Rating:
