Kathmandu မြို့က ငလျင်ဒုက္ခသည်တွေ ယာယီတဲတွေနဲ့ နေထိုင်နေရဆဲ ဖြစ်ပါတယ်။ (Credit: AFP) |
လွန်ခဲ့တဲ့ စနေနေ့က လှုပ်ခတ်ခဲ့တဲ့ ၇.၉ ပြင်းအားရှိတဲ့ မြေငလျင်ကြောင့် အခုဆိုရင် သေဆုံးသူ အယောက်ပေါင်း ၅၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။
နိုင်ငံတကာက အကူအညီတွေ ရောက်ရှိနေပေမယ့်လည်း နီပေါရဲ့ တောတောင်ဒေသဆီကို အကူအညီတွေ ပေးဖို့ အခက်အခဲ ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။
တချို့ဒေသမှာဆိုရင် ရွာလုံးကျွတ် ပျက်စီးကုန်တဲ့ သတင်းတွေကြောင့် သေဆုံးသူ အယောက်ပေါင်း တစ်သောင်းရှိနိုင်တယ်လို့ နီပေါဝန်ကြီးချုပ်က ပြောပါတယ်။
အဲဒီ ခန့်မှန်းချက်က မှန်ကန်မယ်ဆိုရင် ၁၉၃၄ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ မြေငလျင်ကြောင့် သေဆုံးရတဲ့ လူဦးရေထက် ပိုများသွားမှာ ဖြစ်ပါတယ်။
အဲဒီတုန်းက ဖြစ်ခဲ့တဲ့ မြေငလျင် လှုပ်ခတ်မှုကြောင့် လူပေါင်း ၈၅၀၀ သေဆုံးခဲ့ရပါတယ်။
အခုလောလောဆယ် မြေငလျင်ကြောင့် လူပေါင်း တစ်သောင်းနီးပါး ဒဏ်ရာ ရရှိနေတယ်လို့လည်း ပြည်ထဲရေးရာ ဝန်ကြီးက ပြောပါတယ်။
အခုဆိုရင် နီပေါအစိုးရနဲ့ နီပေါ စစ်တပ်တွေက အခြေအနေကို ထိန်းသိမ်းနိုင်တဲ့ အခြေအနေ ရှိလာတဲ့အတွက် နိုင်ငံတကာ အကူအညီ မလိုအပ်တော့ဘူးလို့ နီပေါအစိုးရက ပြောခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကြီးအကဲက ပြောပါတယ်။
ဒါပေမဲ့လည်း အခုအချိန်အထိ နိုင်ငံတကာက ပို့ပေးတဲ့ အကူအညီ ပစ္စည်းတွေကို ဒုက္ခသည်တွေကို ပေးနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။
သြစတြေးလျနိုင်ငံကလည်း မနေ့တုန်းကပဲ ကီလိုဂရမ် တစ်သောင်းခွဲရှိတဲ့ မိုးကာတွေ၊ စောင်တွေနဲ့ ရေသန့်စင် ဆေးပြားတွေ တင်ဆောင်ထားတဲ့ လေယာဉ် နှစ်စင်းကို ပို့ဆောင်ခဲ့ပါတယ်။
အပြန်မှာတော့ နီပေါနိုင်ငံမှာ ပိတ်မိနေတဲ့ သြစတြေးလျနိုင်ငံသားတွေကို သယ်ဆောင်လာမှာ ဖြစ်ပါတယ်။
သြစတြေးလျ စစ်သား အယောက် ၇၀ နဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိ တချို့လည်း အဲဒီ လေယာဉ်ပေါ်မှာ လိုက်ပါသွားပြီး အကူအညီတွေ ပေးမှာ ဖြစ်ပါတယ်။
နီပေါရဲ့ မြို့တော် Kathmandu မြို့မှာတော့ လူတွေဟာ အလဟာပြင်မှာပဲ လေးရက်မြောက်အဖြစ် အိပ်ခဲ့ကြရပါတယ်။
ယာယီတဲတွေနဲ့ ကွင်းပြင်မှာ နေထိုင်ကြတာ ဖြစ်ပြီး မိုးတွေလည်း ရွာသွန်းနေတဲ့အတွက် အသက်ရှင် ကျန်ရစ်သူတွေ ရေကနေ ပေါက်ဖွားလာမယ့် ရောဂါတွေ ကူးစက်ခံရမှာကိုလည်း စိုးရိမ်နေကြပါတယ်။
မြေငလျင်ကြောင့် ဖြစ်ပေါ်တဲ့ အပျက်အစီးတွေအကြား ပိတ်မိမယ် ဆိုရင်တောင် ၇၂ နာရီနောက်ပိုင်း အသက်ရှင်ဖို့ ခက်ခဲမယ်လို့ ပြောကြပါတယ်။
အသက်ရှင်မယ့်လူတွေ တွေ့ဖို့ မရှိတော့ဘူးလို့ ယူဆကြချိန်မှာပဲ မနေ့တုန်းက မြေငလျင်ဖြစ်ပြီး နာရီပေါင်း ၈၀ မှာပဲ အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ယောက်ကို ကူညီကယ်ဆယ်ရေး သမားတွေက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။
အဲဒီလူဟာ သေဆုံးနေတဲ့ လူသုံးယောက် ကြားမှာ သုံးရက်လောက် နေခဲ့ရပြီးမှ ကယ်ဆယ်ရေး သမားတွေနဲ့ တွေ့ခဲ့တာ ဖြစ်ပါတယ်။
တချို့နေရာမှာ မြေပြိုမှုတွေလည်း ဖြစ်ပေါ်ခဲ့တဲ့အတွက် ရဟတ်ယာဉ် ရပ်နားဖို့ နေရာတောင် ရှာမတွေ့လို့ စစ်သားတွေက ခြေကျင်နဲ့ တက်ပြီး ကယ်ဆယ်ရေးလုပ်ဖို့ ကြိုးစားနေကြရပါတယ်။
ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ လူပေါင်း ၈ သန်းလောက် ငလျင်ရဲ့ ထိခိုက်မှုဒဏ်ကို ခံခဲ့ရတာ ဖြစ်ပြီး လူပေါင်း ၁.၄ သန်းက အစားအသောက်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
နီပေါမှာ သေဆုံးသူ ၁၀၀၀၀ ရှိနိုင်လို့ဆို
Reviewed by သစ်ထူးလွင်
on
10:50
Rating: