ရှားတောမှာ ကျမလေ့လာစရာတွေ ကျန်နေသေးတယ်

 ကယားပြည်နယ်မှာ နေတဲ့ဒေသခံဖြစ်ပေမဲ့ ကျမရှားတောဘက်ကို တခါမှမရောက်ဖူးပါဘူး။ အနက်ရောင်နယ်မြေလို့ သတ်မှတ်ထားတာကိုကြားသိရလို့လဲ တခါမှမသွားရဲဖြစ်ခဲ့ဘူး။ ခုတော့ ပွင့်လင်းခါစအချိန်ဖြစ်ပြီမို့ အဲ့ဒီဘက်ကိုအလည်ပါတ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။

အချိန်က ၂၀၁၄ခုနှစ် ဒီဇင်ဘာအားလပ်ရက်ထဲမှာပါ။

ကျမတို့တစု မော်တော်ဆိုင်ကယ်နဲ့ လွိုင်ကော်မြို့ရဲ့ အရှေ့ဘက်အရပ်ကနေ ကားလမ်းမကြီးအတိုင်း တန်းတန်းကလေးမောင်းနှင်လာချိန်မှာ တောထဲတောင်ထဲကနေ ထင်းခုတ်ပြန်လာနေကြတဲ့ လူအချို့က စက်(ထော်လာဂျီ)လေးစီးနဲ့ မြို့ဘက်ကိုသယ်လာနေကြတာကို တွေ့ခဲ့ရပါတယ်။

သူတို့ကိုဖြတ်ကျော်ပြီးမိနစ်အနည်းငယ်အကြာမှာ ̏ ရှေ့တွင် လမ်းပြုပြင်နေသည်၊ လမ်းလွဲမှမောင်းပါ ̋ ဆိုတဲ့ ဆိုင်းဘုတ်လေးတွေကိုတွေ့ရပြီး အနီးအနားမှာလမ်းလုပ်သားတွေ
ပအိုဝ့်ဝတ်စုံနှင့် ကယားလူမျိုးများ (ဓါတ်ပုံ-ကေတီ)
ခေတ္တနားခိုနေထိုင်ဖို့ ဆောက်လုပ်ထားတဲ့ မိုးကာတဲတွေ၊ လမ်းလုပ်သားတွေက နေပူကျဲကျဲထဲမှာ ကျောက်တုံးထုခွဲလိုက်၊ ကျောက်လုံးလေးတွေစီထည့်လိုက်၊ ကတ္တရာစေးလောင်းလိုက်နဲ့ အများပြည်သူတွေ သွားလာဖို့ လမ်းတံတားတွေကို နေပူကျဲကျဲထဲမှာလူအားနဲ့လုပ်နေတဲ့မြင်ကွင်းတွေဟာ ကျမတို့ကယားပြည်နယ် နေရာအနှံ့မှာ တွေ့မြင်ကျမြင်ကွင်းတွေပါပဲ။

အဲ့ဒီမြင်ကွင်းတွေကိုဆက်ဖြတ်ကျော်လာချိန်မှာ ̏ ကြတ်ဂူသို့ ̋ ဆိုတဲ့ ဆိုင်းဘုတ်လေးကိုတွေ့ရပါတယ်။ ကြတ်ဂူဆိုတာက ကယားပြည်နယ်ထဲမှာနာမည်ကြီးလူသိများတဲ့ အပန်းဖြေလည်ပတ်စရာ ကျောက်ဂူတခုပါ။ ကယားပြည်နယ်မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့နောက် ပိုင်းနိုင်ငံခြားသား တွေ အရောက်အပေါက်များတဲ့ နေရာတခုလဲဖြစ်လာပါတယ်။

ကြတ်ဂူရှေ့ဆက်သွားချိန်မှာတော့ အကွေ့အပတ်တွေ၊ မြွေလိမ်မြွေကောက်လို အကွေ့အပတ်တွေများတဲ့ တောင်တက်တောင်ဆင်းတွေကိုဖြတ်ကျော်ရပါတော့တယ်။ အကွေ့အပတ် ၂၀ကျော်လောက် ကွေ့ပါတ်ပြီးတောင်တလုံးရဲ့ ထိပ်ရောက်ချိန်မှာ ရှားတောမြို့နယ်ထဲက ကျေးလက်တောရွာလေးတွေ၊ တောင်ယာခင်းတွေနဲ့ ကျန်ရှိနေသေးတဲ့ သဘာဝမြင်ကွင်းလေးတွေကို တ၀ကြီးရှုစားခွင့်ရခဲ့ပါတယ်။

သုံးနာရီကျော်ကျောက်လောက် ဆိုင်ကယ်မောင်းလာခဲ့ပြီးနောက် ရှားတောမြို့ရဲ့တောင်ထိပ်ကနေ မြို့ရဲ့အလှအပကိုထပ်ပြီးရှုစားခွင့်ရခဲ့ပါတယ်။ ရှားတောမြို့လယ်မှာ ဗုဓ္ဓစေတီတော်ကြီးတည်ထားပြီး စေတီတော်ရဲ့ ပတ်ပတ်လည်မှာတော့ အထက်တန်းကျောင်း၊ ဆေးရုံ၊ ရဲစခန်း၊ ဌာနဆိုင်ရာရုံး၊ မြို့ဈေးတန်း၊ ရှမ်းရပ်ကွက်နဲ့ ကယားရပ်ကွက်တွေက ၀ိုင်းရံထားပါတယ်။

မြို့ရဲ့မနီးမဝေးလေးမှာ ရေပူစမ်းရှိတဲ့အတွက် ခုလိုအေးတဲ့ရာသီမှာ မြို့ကသူတွေရော၊ ခရီးသွားတွေပါ ရေပူစမ်းရှိရာကိုကပ်ကြပါတယ်။ ကျမရဲ့ မျက်ဝန်းထဲမှာတော့ ရှားတောရဲ့မြို့လေးဟာ ကယားပြည်နယ်က သာယာလှပတဲ့ တောမြို့လေးတမြို့ပါ။ အခုဆိုရင် ထိုင်းနိုင်ငံနယ်စပ်က ကရင်နီလူမှုအသိုင်းအ၀ိုင်းကသူတွေလဲ ၀င်ထွက်သွားလာမှုတွေရှိလာတဲ့အတွက် မြို့လယ်ကဈေးတန်းလေးတွေ ယခင်ကထက်ပို၍ လန်းဆန်းလာတယ်လို့ဆိုရမှာပါ။
ညအချိန်မီးလှုံကြသော ရွာသူရွာသားများ (ဓါတ်ပုံ-ကေတီ)
အပစ်ခတ်ရပ်စဲရေးခိုင်မာပြီး ထိုင်းနယ်စပ်က ကရင်နီလူမှုအသိုင်းအ၀ိုင်းတွေအနေဖြင့် လွတ်လပ်စွာ ၀င်ထွက်သွားလာ ကူးလူးဆက်ဆံမှုတွေရှိလာတဲ့တနေ့၊ ကယားပြည်ကထွက်တဲ့ လျပ်စစ်မီးတွေ ရှားတောမြို့လေးကို ထပ်ရောက်လာတဲ့နေ့ဆိုရင်တော့ ဒီထက်တိုးတက်လာမှာ သေချာပါတယ်။

ရှားတောမြို့နဲ့ပါတ်သက်ပြီး ကျမရင်ထဲက အမှန်တကယ် စိတ်မကောင်းတဲ့ မှတ်ချက်ကတော့ မြို့လယ်စေတီတော်မှာ အစိုးရစစ်တပ်တွေ တပ်စွဲထားတဲ့အချက်ပါပဲ။ စေတီတော်ကို ကာဘာပြုပြီး ကဒုတ်ကျဉ်းတွေတူးပြီး တပ်စွဲထားတဲ့အတွက် စေတီဘုရားပေါ်ကို ခရီးသွားလာသူတွေတက်ခွင့်မရှိပါဘူး။

ကျမတို့လို သတင်းထောက်တွေအတွက်ဆိုရင် ပိုဆိုးတာပေါ့။ စေတီတော်ပေါ်မပြောနဲ့ ရှားတောမြို့နယ်ဘက်ကို သတင်းထောက်အဖြစ်နဲ့ တရားဝင်သွားလာခွင့်လုံးဝမရပါဘူး။

စေတီပေါ်တပ်စခန်းတည်ထားခြင်းဟာ မြို့သူ၊ မြို့သားတွေနဲ့ ဖြတ်သန်းသွားလာသူတွေရဲ့ လွတ်လပ်စွာသွားလာလုပ်ရှားမှုကို ထိန်းချုပ်ထားတဲ့သဘော သက်ရောက်စေပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေးကို အမှန်တကယ် သက်ဝင်စေချင်ရင်ဖြင့် မြို့လယ်ကောင်မှာ လက်နက် အပြည့်အစုံနဲတပ်စွဲထားခြင်း၊ ရပ်ရွာအနီးအနားတ၀ိုက်တပ်စွဲခြင်း၊ လူမြင်မတော်တဲ့ မြို့ထဲရွာထဲလက်နက်ကိုင်ဆောင်ပြီး သွားလာလုပ်ရှားမှုတွေကို ရှောင်ရှားနိုင်ဖို့အရေးကြီးလှပါတယ်။ ဒါဟာ အစိုးရတပ်ကိုပဲရည်ရွယ်တာမဟုတ်ပဲ ကရင်နီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေလဲ ဒီမိုကရေစီစနစ်တခု အောက်မှာ စစ်ရဲ့ကျင့်ဝတ်ကို လိုက်နာဆောင်ရွက်ဖို အရေးကြီးကြောင်း မှတ်ချက်ပေးချင်ပါတယ်။

ရှားတောမြို့ကို ကျောခိုင်းပြီး ကျမတို့တစု ရှားတောမြို့နယ်ထဲက သီရိဒါးကျေးရွာဘက်ကို ဖုန်တထောင်းထောင်းထနေတဲ့ ကားလမ်းအတိုင်း ခရီးဆက်ပါတယ်။ သီရိဒါးကျေးရွာအဝင်က အစိုးရတည်ဆောက်ပေးထားတဲ့ မြို့နယ်ဆေးရုံကြီးက ကျမတို့ကိုဦးစွာကြိုဆိုလိုက်ပါတယ်။

ဆေးရုံကြီးကိုမြင်ပြီးတဲ့နောက် အ.ထ.ကကျောင်းကိုတွေ့ရပါတယ်။ ကားလမ်းဟာ သီရိဒါးရွာအထိပဲ ရောက်ပါတယ်။ အမှန်က ကျမရှားတောဘက်ကိုလာတာဟာ ကျမရဲ့ ဦးတည်ချက်က ဒေါတနောဆိုတဲ့ကျေးရွာဆီကိုပါ။ ဒေါတနောကိုခရီးဆက်ဖို့ ဆိုင်ကယ်မောင်းဝင်လို့ရတဲ့ လူသွားလမ်းကို နာရီဝက်လောက်မောင်းဝင်လာခဲ့ရပါတယ်။

တောင်စောင်းတွေကိုကွေ့ပတ်ပြီး သွားရတဲ့ လူသွားလမ်းမို့ ဆိုင်ကယ်ကို သတိကြီးကြီးနဲ့မောင်းရပါတယ်။ သတိတချက်လွတ်ပြီဆိုတာနဲ့ ဟိုဘက်တောင်အောက်ရောက်ဖို့သာ ပြင်ပေတော့။ သွားရင်းသွားရင်းနဲ့ ကျမတို့သွားချင် ရောက်ချင်နေခဲ့တဲ့ ဒေါတနောရွာကိုရောက်ပါပြီ။

ရွာအဝင်မှာဆောက်နေဆဲ စာသင်ကျောင်းကိုတွေ့ရပါတယ်။ ̏ အ.လ.ကခွဲဖွင့်ဖို ကျောင်းဆောင်သစ်ဆောက်တာပါ ̋ လို့ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဌေးရယ်က ပြောပါတယ်။

ရွာရဲ့နှံဘေး တောင်စောင်းလေးတနေရာမှာ ကလေးတစု မြေပေါ်ဖင်ထိုင်ပြီး တရွတ်တိုက် လျောဆင်းကစားနေကြတဲ့မြင်ကွင်းက ဒေါ်တနောရဲ့ကျေးရွာဟာ မြို့နဲ့အလှမ်းဝေးတဲ့ တောရွာတရွာဆိုတာကို ပို၍ထင်ဟပ်လာစေပါတယ်။ ရွာလေးက အိပ်ခြေ(ရ၀)လောက်ရှိတဲ့ ကယားရွာလို့သိထားပေမဲ့ ရွာသူ၊ ရွာသားတွေက ပအိုဝ့် ၀တ်စုံတွေ ၀တ်စားဆင်ယင်ထားတဲ့အတွက် ကျမအတွက် ထူးဆန်းနေပါတယ်။

တယောက်ကြည့်လည်းပအိုဝ့်ဝတ်စုံ နှစ်ယောက်ကြည့်လည်းဒီဝတ်စုံနဲ့ ဦးလေးကြီးတွေကလည်း ခေါင်းပေါင်းကြီးနဲ့ ခေါင်းလောင်းဘောင်းဘီအမဲရောင်နဲ့ ပအိုဝ့်နောက်လွယ်လေးတွေနဲ့ပဲဆိုတော့ ဒီရွာက ကျမတို့သိထားတဲ့ ကယားရွာမဟုတ်ပဲ ပအိုဝ့်ရွာများဖြစ်နေလားလို့ထင်ရတယ်။

ရွာသားတွေနဲ့စကားပြောကြည့်တော့ ကယားစကားတွေမွတ်နေအောင် ပြောနေကြပါတယ်။ ကျမအံ့သြမိပါတယ်။ သူတို့က ကယားတိုင်းရင်းသားတွေ ဖြစ်ရဲ့သားနဲ့ ဘာကြောင့်ပအိုဝ့်ဝတ်စုံကို အမြတ်တနိုးနဲ့ ဝတ်ဆင်နေကြတာလဲ။ ပအိုဝ့်ပလိုင်း၊ နောက်လွယ်လေးတွေ ဆောင်နေကြတာကိုတွေ့ ရှိနေရတာဘာကြောင့်ပါလဲ။ ကျမသိချင်နေမိတယ်။

သူတို့တတွေနဲ့ အချိန်ပေးပြီး ရင်းရင်းနီးနီးဆက်ဆံစကားပြောတော့ သူတို့ရဲ့အတိတ်အကြောင်းတွေ အကြောင်းစုံသိခဲ့ရပါတော့တယ်။

စာသင်ကျောင်းအသစ်တွေ၊ လူနေအိမ်အသစ်တွေဆောက်လုပ်နေတာဟာ ဒေါတနောကျေးရွာကို အခုမှထူထောင်ခြင်းမဟုတ်ပါ။ ၁၉၉၆ ခုနှစ်က ရှားတောမြို့နယ် တမြို့နယ်လုံးကို စစ်အစိုးရက အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ပြီး ကျေးလက်တောရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ရွာသားတွေမှာ မိသားစုဝင်တွေတကွဲတပြားစီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ မိသားစုဝင်အချို့က ထိုင်းနိုင်ငံနယ်စပ်ဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြသလို အချို့မှာ ပအိုဝ့်လူမျိုးစုတွေနေထိုင်ရာ ရှမ်း၊ ကယားနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

̏ ကျမတို့ အရေးအခင်းတုန်းကလေး… ရှမ်းပြည်ဘက်ကို ထွက်ပြေးရတာပေါ့နော။ ထွက်ပြေးတုန်းကတော့ ကျမတို့ကဒူးကြီးတွေ၊ နားပေါက်ကြီးတွေ၊ ကျမတို့ဝတ်စုံကို ဝတ်ကြပါသေးတယ်။ ဒါပေမယ့် ကြာလာတော့ ဝတ်စုံတွေကလည်း ဟောင်းနွမ်းသွားကုန်တယ်… အသစ်ထပ်ယှက်စရာချည်လည်းမရှိ၊ ရက်ကန်းလည်းမရှိ၊ ဝယ်ဖို့ဆိုလည်းပိုက်ဆံမရှိ၊ ငွေနားကပ်တွေ ထုလုပ်ဖို့ဆိုလည်းဘာမှ မှမရှိတော့တာ။ အဲ့ဒီတော့ ကျမတို့ရောက်နေတာကလည်း ပအိုဝ့်တို့ရွာအဲ့ဒီတော့ ရလွယ်တဲ့ ပအိုဝ့်ဝတ်စုံကိုပဲ ကျမတို့ဝတ်ရတော့တာပေါ့̋ လို့ အသက် ၅၀အရွယ် ပအိုဝ့်ဝတ်စုံဝတ်ဆင်ထားတဲ့ မော်လုမိုက ရှင်းပြပါတယ်။

စစ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့ကြရတဲ့ ကျေးရွာဟောင်းတွေ အခုငြိမ်းချမ်းရေးကြိုးပမ်းနေစဉ် တချိန်ထဲမှာ ပြန်လှည်ထူထောင်ရေးတွေ စတင်လုပ်ဆောင်တဲ့အတွက် မော်လုမိုတို့လို အရပ်တပါးမှာ ထွက်ပြေးပုန်းအောင်းနေခဲ့ကြရတဲ့ သူတွေလည်း သူတို့ရဲ့ရွာဟောင်းမှာ ပြန်လာလေ့လာခွင့်တွေ ရရှိနေကြတာပါ။ ဒါပေမဲ့ ဌာနေဟောင်းမှာ အပြီးအပိုင် ပြန်လာနေထိုင်နိုင်မည့် အခြေအနေကိုတော့ ဘယ်သူမှ အတပ်မပြောနိုင်ကြသေးပါဘူး။

ပြည်တွင်းစစ်ကြောင့် မော်လုမိုတို့လို ပြည်တွင်းမှာထွက်ပြေးတိမ်းရှောင်နေထိုင်ကြရတဲ့သူတွေကို “ပြည်တွင်းရွာပုန်းရွာရှောင် ဒုက္ခသည်(IDPs)”လို့ခေါ်ဆိုပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သူတွေကို နယ်စပ်ဒုက္ခသည်အဖြစ် သတ်မှတ်ထားကြပါတယ်။

၁၉၉၆ခုနှစ် ကရင်နီပြည်ကို အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ကာ “ဖြတ်လေးဖြတ်” စစ်ဆင်ရေးစတင်ပြုလုပ်ချိန် အဆိုပါနှစ်အတွင်းမှာတင် လူဦးရေ ၂၅၂၀၆ဦး ဌာနေမှ အတင်းရွှေ့ပြောင်းခြင်းခံခဲ့ပြီး အဲ့ဒီထဲမှ ၁၁၆၆၉ ဦးဟာ စုစည်းကျေးရွာထဲသို့ သိမ်းသွင်းခြင်းခံခဲ့ရသလို ၄၄၀၀ဦးမှာမူ ထိုင်းနိုင်ငံနယ်စပ်ဒုက္ခသည်စခန်းများသို့ ထွက်ပြေးသိမ်းရှောင်သွားခဲ့ကြတယ်လို့ ၂၀၀၀ ခုနှစ်မှာထုတ်ပြန်ထားတဲ့ Conflict and Displacement in Karenni ဆိုတဲ့အစီရင်ခံစာအုပ်မှာ ပြုစုရေးသားထားပါတယ်။

စုစည်းကျေးရွာထဲသို့ ပြောင်းရွှေ့ခြင်းခံရသူ လူဦးရေနဲ့ နယ်စပ်ဒုက္ခသည်စခန်းများဘက်သို့ ထွက်ပြေးတိမ်းရှောင်သူ လူဦးရေစာရင်းများအတိအကျပြုစုနိုင်ပေမဲ့ စာရင်းမရှိပဲ ပြည်တွင်းမှာတင်ပျောက်ဆုံးနေတဲ့ လူဦးရေစုစုပေါင်း ၉၁၃၇ ဦးရှိခဲ့ပါတယ်။

အဆိုပါပျောက်ဆုံးနေတဲ့ လူဦးရေအရေအတွက်ထဲမှာ ကရင်နီမိသားစုဝင်တွေနေထိုင်တဲ့ တောင်ငူနဲ့မြန်မာပြည်မြို့ပြတွေဘက်ကို ထွက်ပြေးသွားကြတဲ့ လူဦးရေတွေကိုတောင် ထည့်မတွက်သေးဘူးလို့ အစီရင်ခံစာကဆိုပါတယ်။

အဆိုပါအစီရင်ခံစာကို နိုင်ငံခြားသားစာရေးဆရာများဖြစ်ကြတဲ့ Vicky Bamforth, Steven Lanjouwနဲ့ Graham Mortimer တို့မှ ရေးသားပြုစုတင်ပြထားခဲ့ကြတာပါ။

သူတို့ရေးထားခဲ့တဲ့ စာအုပ်ကိုဖတ်ရှုချက်အရ အခုကျမရောက်နေတဲ့ ရှားတောမြို့နယ်ထဲက လူဦးရေ ၁၀၁၇၀ လုံးလုံးဟာ IDPs ဘ၀နဲ့ ဒုက္ခသည်ဘ၀ကို ရောက်ရှိခဲ့ကြရပါတယ်။

ပြည်တွင်းစစ်ကြောင့် တိုင်းတပါး အရပ်တပါးကိုရောက်သွားခဲ့ရတဲ့ ကျမတို့ ကရင်နီအမျိုးသားတွေဟာ အမျိုးသားရေးရှုထောင့်ကနေဆန်းစစ်ကြည့်ရင်တော့ မိမိ မိခင်ဘာသာ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာတွေ မှေးမှိန်ပျောက်ကွယ်လာတာဟာ နှစ်နာစရာပါ။

လက်ရှိဒေါတနောမှာ ရှမ်း-ကယားနယ်စပ်ကနေပြန်လာကြတဲ့ ပအိုဝ့်ဝတ်စုံဝတ် IDPs တွေနဲ့ ပါတ်သက်ပြီး ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးရယ်က ယခုလိုမှတ်ချက်ပေးထားပါတယ်။

"ပစ္စည်းတွေ အဝတ်အစားတွေမရှိတော့လို့ အဲလိုဖြစ်သွားတာပေါ့။ လူမျိုးကတော့ မပျောက်နိုင်လောက်ပါဘူး။ ကယားစကားပြောနေသေးတာပဲ။"

ဒေါတနောကိုရောက်နေတဲ့ ပအိုဝ့်ဝတ်စုံဝတ်ထားတဲ့ အသက် ၅၅နှစ်အရွယ် အဒေါ်တဦးကတော့…  ̏တကယ်တမ်းပြောရရင် ကျမတို့လည်းကျမတို့ ကယားဝတ်စုံဒူးကြီးတွေရှိနေသေးရင် ကျမတို့ဝတ်ချင်ပါတယ်။ အခုကမရှိတော့ဘူး. ပြီးတော့ကျမတို့ဒီလိုဝတ်စုံကိုဝတ်နေတာ ကြာပြီဆိုတော့ ကျင့်သားရသွားတယ် အဲ့လိုပေါ့ ̋

အခုဆိုရင် ဒေါတနောကျေးရွာနဲ့အတူ ရှားတောမြို့နယ်အတွင်းမှာ တချိန်ကမီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ရွာဟောင်းတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်နေကြပါပြီ။

အစိုးရမဟုတ်တဲ့နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေနဲ့ ဒေသလူမှုအသင်းအဖွဲ့တွေကိုလဲ တွေ့ခဲ့ရပါတယ်။

ထိန်းချုပ်မှုတွေတော့ သူ့နေရာနဲ့သူကျန်ရှိနေပါသေးတယ်။ ဥပမာ… ခရီးသွားလာရေးမှာ စစ်တပ်ရဲ့ထိန်းချုပ်မှုအရေးပါနေခြင်း၊ အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စံပြကျေးရွာဒေသဘက်ကို သွားလာရေးကန့်သတ်ထားခြင်း၊ သဘာဝသယံဇာတတွေအပေါ် အဓိကအခြေခံပြီး စီးပွားရေး လုပ်နေတဲ့အရပ်တွေကို သွားလာခွင့်များပိတ်ပင်ထားခြင်းစတဲ့ ကန့်သတ်မှုတွေရှိနေပါတယ်။

ဒီအခြေအနေတွေပေါ် ပြောင်းလဲမှုတွေထပ်ရှိလာရင် ရှားတောမြို့နယ်အတွင်း ပြည်သူတွေလွတ်လပ်စွာ သွားလာလုပ်ရှားမှုတွေများပြီး ဌာနေဟောင်းကိုပြန်လာလိုတဲ့ IDPsတွေနဲ့ဒုက္ခသည်တွေသူတို့ရဲ့အနာဂါဏ်ကို ရေရှည်တည်ဆောက်ဖို့ ယုံကြည်စိတ်ချမှု ပိုရှိလာနိုင်လိမ့်မယ်လို့ ကျမယုံကြည်တယ်။

ရှားတောဘက်မှာ ကျမမသိသေးတဲ့အကြောင်းအရာတွေ၊ လေ့လာစရာအသစ်အဆန်းတွေ အများကြီးရှိနေပါသေးတယ်။ အဲ့ဒီအချက်တွေက ရှားတောဘက်ကိုပြန်လာဖို့ ကျမရဲ့အပြန်လမ်းတလျှောက်မှာ အလိုလိုတိုက်တွန်းနေခဲ့ပါတော့တယ်။

Written by ဝေေ၀အောင်
ကန္တရဝတီတိုင်း
http://www.ktimes.org
ရှားတောမှာ ကျမလေ့လာစရာတွေ ကျန်နေသေးတယ်  ရှားတောမှာ ကျမလေ့လာစရာတွေ ကျန်နေသေးတယ် Reviewed by သစ်ထူးလွင် on 19:35 Rating: 5
Powered by Blogger.